ကျောက်တော်မြို့နယ်တွင် အောက်ဆီဂျင်ပေးထားရသည့် ကိုဗစ်လူနာ ၈ ဦးရှိပြီး လူနာထပ်တိုးလာပါက အောက်ဆီဂျင်မလုံလောက်နိုင်

By Development Media Group (DMG)/ July 13

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ကိုဗစ်ရောဂါပိုးကူးစက်သူများထဲမှ ၈ ဦးကို အောက်ဆီဂျင်ပေးထားရပြီး ကိုဗစ်လူနာထပ်တိုးလာပါက အောက်ဆီဂျင်လိုအပ်မှုရှိလာနိုင်ကြောင်း ကျောက်တော်မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

လက်ရှိ ကျောက်တော်မြို့နယ်တွင် ကိုဗစ်ရောဂါကြောင့် ဆေးကုသမှုခံယူနေရသူ ၁၂ ဦးအနက် ၈ ဦးမှာအသက်ရှူကျပ်ခြင်းကို ခံစားနေရသည့်အတွက် အောက်ဆီဂျင်ပေးထားရပြီး လက်ရှိလူဦးရေထက်များလာပါက အောက်ဆီဂျင်လိုအပ်မှုရှိလာမည်ဟု ကျောက်တော်မြို့နယ် ဆရာဝန် ဒေါက်တာသန်းထွန်းဦးက ပြော သည်။

“ကျန်းမာရေးအခြေအနေ ဆိုးရွားနေတဲ့အတွက် အောက်ဆီဂျင်ပေးထားရတဲ့ သူ ၈ ယောက် ရှိပါတယ်။ အောက်ဆီဂျင်ကတော့ လောလောဆည်အနေအထားမှာ လုံလောက်မှုရှိတယ်။ နောက်ထပ် လူနာတွေများလာရင်တော့ ပြောလို့မရဘူး။ လူနာများလာရင် အောက်ဆီဂျင် အခက်အခဲဖြစ်နိုင်တယ်။ အခု ၈ ယောက်ကိုတော့ လုံလောက်ပါတယ်“ ဟု ဆိုသည်။

ကျောက်တော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၂၀ ဦးရှိပြီး ၈ ဦးမှာ ရောဂါကောင်းမွန်သည့်အတွက် ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။

ကိုဗစ်ကူးစက်ခံရသူများလာသော်လည်း ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်များကို လိုက်နာမှုအားနည်းနေသည့်အတွက် ကိုဗစ်ထိန်းချုပ်ရန်အခက်အခဲဖြစ်လာနိုင်ကြောင်းလည်း ဒေါက်တာသန်းထွန်းဦးက ပြောသည်။

ကျောက်တော်မြို့နယ်တွင် ယနေ့အထိ အောက်ဆီဂျင် ၅ လုံးသာရှိပြီး ယင်း ၅ လုံးကုန်သွားလျှင် ကိုဗစ်လူနာများကို ဆေးကုသရန် မထိန်းချုပ်နိုင်သည့်အခြေအနေနှင့် အသက်အန္တရာယ်ပါ စိုးရိမ်ရသည်ဟု ကျောက်တော်မြို့နယ် အောက်ဆီဂျင် အခမဲ့ကူညီရေးအဖွဲ့မှ ဘဏ္ဌာရေးမှူး ဦးစောရွှေထွန်းကပြောသည်။

“ဒီနေ့တော့ အောက်ဆီဂျင်  ၅ လုံးပဲရှိပြီ။ မကွေးမြို့က မှာထားတာကလည်း လမ်းခရီးအခက်အခဲ၊ အဲဒီမှာ အောက်ဆီဂျင်ရဖို့ တန်းစီနေရတဲ့အနေအထားကြောင့် ဒီကိုမရောက်နိုင်သေးဘူး။ အခုချိန်မှာ အောက်ဆီဂျင် အရေးတကြီးလိုအပ်နေပါတယ်။ အဲဒီ ၅ လုံးကုန်သွားရင်တော့ ဘာမှမရှိတော့ဘူး။ အောက်ဆီဂျင် မရှိတော့ဘူးဆိုရင် အချိန် ၃ မိနစ် ၄ မိနစ်အတွင်းမှာလည်း အသက်ဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့် တခြားအရပ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ ကျောက်တော်မြို့နယ်မှာ အောက်ဆီဂျင်ရဖို့အတွက် အဖက်ဖက်မှကူညီဆောင်ရွက်ပေးစေချင်ပါတယ်“ ဟု ၎င်းကဆိုသည်။

အောက်ဆီဂျင်အခက်အခဲများမရှိစေရန် ကျောက်တော်မြို့နယ်တွင်လည်း အောက်ဆီဂျင်ထုတ်စက်ရုံ တည်ဆောက်နိုင်ရန် အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးရန်လိုအပ်နေကြောင်းလည်း ဦးစောရွှေထွန်းကဆိုသည်။

မျိုးရိုးဗီဇပြောင်းကိုဗစ်-၁၉ ရောဂါပိုးမှာ အသက်ရှူလမ်းကြောင်းကို ဆိုးဝါးစွာထိခိုက်စေနိုင်ပြီး အရေးပေါ်လူနာများကို အောက်ဆီဂျင်ပိုက်တပ်ဆင်ပေးရသည့်အတွက် လက်ရှိမြန်မာတစ်နိုင်ငံလုံးတွင်လည်း အောက်ဆီဂျင်လိုအပ်မှု မြင့်တက်လျှက် ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးလှသိန်းကလည်း လက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ်၌ အောက်ဆီဂျင်ပြတ်တောက်နိုင်ခြေမရှိသေးကြောင်းနှင့် မိမိတို့အနေဖြင့် အောက်ဆီဂျင်မပြတ်လပ်စေရန်အတွက် စီစဉ်လျှက်ရှိကြောင်း မီဒီယာများနှင့်တွေ့ဆုံစဉ်က ပြောကြားထားသည်။

ရခိုင်ပြည်အတွင်းတွင် ဇူလိုင် ၁၁ ရက်နေ့ညနေပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၈၅၃ ဦးအထိ ရှိလာနေပြီး သေဆုံးသူ ၁၃ ဦးအထိရှိလာနေပြီဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2060200774132323

Leave a Reply

Your email address will not be published.