By Western News/ 2021 July 21

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်တတိယလိှုင်း ဖြစ်ပွားမှုမြင့်တက်နေသောကြောင့် ဝါတွင်းကာလများတွင် လူစုလူဝေးများပြုလုပ်ပြီး ဥပုသ်သီလ တည်ဆောက်ခြင်း အလှူဒါနပြုလုပ်ခြင်းများအား အထူးရှောင်ရှားကြရန် ဇူလိုင်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် မယူဒေသသံဃသမဂ္ဂမှ အသိပေးကြေငြာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။
ရခိုင်ပြည်နယ်တွင် သံဃာတော်များ ကိုဗစ်ဖြစ်ပွားမှုမြင့်တက်လာသောကြောင့် ဝါတွင်းကာလများတွင် ဥပုသ်ဆောက်တည်ခြင်းမပြုလုပ်ဘဲ ကိုဗစ်ရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်လိုခြင်းဖြစ်သည်ဟု မယူဒေသ သံဃသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ဆရာတော်ဦးနာယက က Western News သို့မိန့်သည်။
“ကိုယ်တော်တို့ ဘာသာရေးဆိုင်ရာ သံဃာတော်တွေ စစ်တွေမြို့မှာဆိုရင် နာမည်ကြီး ဓာတ်လယ်ဆရာတော်တို့ မဏိရတနာဆရာတော်တို့ အပါဝင် နောက်ပရဟိတ လုပ်နေကြတဲ့ ဝဲကြီးထောင့် ဆရာတော်တို့လည်း ကိုဗစ်ဖြစ်ပွားမှုကြောင့် ဆေးကုသမှုခံယူ နေကြရသလို ကိုဗစ်ကြောင့် ပျံလွန်တော်မှုခဲ့တဲ့ ဝါဘို ဆရာတော်တို့ အာစရ ဆရာတော်တို့ ပျံလွန်တော်မူလာတာတွေ ရှိလာတော့ အလွန်တရာစိုးရိမ်မှုတွေရှိလာတယ်။ ဆရာတော်တွေ ဆိုတာက လူထုနဲ့ အများကြီးဆက်ဆံနေရတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ရောဂါတွေကလည်းပျံ့နှံ့နေသောကြောင့် ဥပုသ်သီလတည်ဆောက်ခြင်းကို ရောဂါ ထိန်းချုပ်နိုင်သည် အထိ ကြိုတင်ကာကွယ်ရန်အတွက် ရည်ရွယ်၍ ထုတ်ပြန်ခြင်းဖြစ်တယ်” ဟု ဆရာတော်က မိန့်သည်။
မယူဒေသ သံဃသမဂ္ဂကို ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များမှ သံဃာတော်များဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဘာသာ သာသနာအရေးကိစ္စရပ်များနှင့် စစ်ဘေးရှောင်များအရေးကို အဓိကထား လုပ်ဆောင်ထားရန် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။
https://www.facebook.com/westernnewsagency/posts/334420368364474