By Narinjara/ 2021 July 2
ကိုဗစ်ဖြစ်ပွားနှုန်းတိုးလာနေသည့် ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် ဇူလိုင် ၃ ရက်နေ့မှ စတင်ပြီး စားသောက်ဆိုင်များတွင် ဆိုင်ထိုင် စားသောက်ခွင့်မပြုတော့ကြောင်း မြို့နယ်စည်ပင်က စာထုတ်ပြန်လိုက်သည်ဟု သတင်းရရှိသည်။
၎င်းစာမှာ မြို့နယ်အဆင့် (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ (မောင်တောမြို့)၏ (၂၉-၆-၂၀၂၁) ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဖြစ်ကြောင်း အမှုဆောင်အရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်အေးသိန်း လက်မှတ်ရေးထိုး ထုတ်ပြန်သည့် စာတွင် ဖော်ပြသည်။
မောင်တောမြို့အတွင်းရှိ စားသောက်ဆိုင်၊ လဘက်ရည်ဆိုင်နှင့် ထမင်းဆိုင်များ၌ အစားအသောက်ရောင်းချရာတွင် ဆိုင်အတွင်း (၃-၇-၂၀၂၁) နေ့မှ စ၍ ဆိုင်ထိုင်စားသောက်ခြင်း မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန်နှင့် လိုက်နာမှုမရှိပါကမြို့နယ်အဆင့် (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (မောင်တောမြို့)၏ ထုတ်ပြန်ထားသည့် စည်းကမ်း၊ ဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်အထဲတွင် ပါရှိသည်။
မောင်တောမြို့နယ်တွင် ကိုဗစ်ပိုးတွေ့ရှိသူ ၁၀၀ ကျော်ရှိသွားပြီဟု သိရသည်။
https://www.facebook.com/narinjara.info/posts/4461909207154455