ကိုဗစ်ပိုးတွေ့ရှိသူ ၇ ဦး ရှိလာပြီးနောက် လော့ဒေါင်းချခံထားရသည့် စင်းဘောကိုင်းစခန်းတွင် ရိက္ခာမရောက်လျှင် အငတ်ဘေးကျနိုင်ခြေရှိနေဟုဆို

By Narinjara/ 2021 July 18

သျှင်မင်းဇံ၊ ဇော်ဝင်းအောင်

ကိုဗစ်ပိုးတွေ့ရှိသူ ၇ ဦးရှိလာပြီးနောက် ပထမဆုံးလော့ဒေါင်းချကာ အသွားအလာကန့်သတ်ခြင်း ခံထားရသည့် မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် လာမည့်အပတ်၌ ရိက္ခာများမရောက်ရှိလာလျှင် အငတ်ဘေးကျနိုင်ခြေရှိနေကြောင်း စခန်းတာဝန်ခံ စင်းဘောကိုင်း စစ်ဘေးရှောင်စခန်း တာဝန်ခံ ဒေါ်ဥမ္မာနွယ်က ပြောသည်။

“စခန်းမှာတော့ ရိက္ခာတွေ နည်းနည်းရှိသေးတယ်။ ဒါပေမဲ့လည်း နောက်အပတ်မှာ ရိက္ခာ ရောက်မလာရင်တော့ စခန်းတစ်ခုလုံး ရိက္ခာပြတ်လပ်နိုင်ပါတယ်”ဟု သူမက ပြောသည်။

၎င်းစခန်းတွင် ဇူလိုင် ၁၄ ရက်နေ့က စစ်ဘေးရှောင် အသက် (၄ဝနှစ်) ကျော်အရွယ် အမျိုးသမီးတစ်ဦး၌ ပိုးတွေ့ပြီးနောက် စခန်းကို အသွားအလာကန့်သတ်လိုက်ပြီး အနီးအနားကျေးရွာ ၆ ရွာကိုလည်း ရွာဝင်ခွင့် ပိတ်လိုက်သည်ဟု သိရှိရသည်။

ကိုဗစ်ပိုးတွေ့ပြီးနောက် စခန်းအတွင်း ကာကွယ်ရေးပစ္စည်းထောက်ပံ့မှုနှင့် အသိပညာပေးမှုများ အားနေကြောင်း၊ သက်ဆိုင်ရာဌာနက လာရောက်၍ ကြိုတင်ကာကွယ်သည့်အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အတူ ကိုဗစ်ကာကွယ်ဆေးများ ထိုးပေးစေချင်ကြောင်း ဒေါ်ဥမ္မာနွယ်က ပြောသည်။

“ကျွန်မတို့ စခန်းက လူအရမ်းများတယ်။ ရောဂါက ဘယ်အချိန်မဆို လူအများကြီးမှာ ထဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်လိုရှိရင် သက်ဆိုင်ရာဌာနတွေက လာပြီးတော့ ကိုဗစ်ကာကွယ်ဆေး ထိုးပေးစေချင်ပါတယ်”ဟု ပြောသည်။

 ၎င်းစခန်းတွင် အမျိုးသမီး (၆) ဦးနှင့် အမျိုးသား (၁) ဦးတို့တွင် ကိုဗစ်ပိုး တွေ့ရှိထားပြီး နောက်ဆုံးတွေ့ရှိသည့် ပိုးတွေလူနာ ခြောက်ဦးအထဲတွင် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၅၀ ကျော်အရွယ်အမျိုးသမီး၂ ဦးနှင့် အသက် ၁၀ နှစ်ကျော်အရွယ် အမျိုးသမီးငယ်နှစ်ဦးတို့ ပါဝင်သည်။

စခန်းတွင် ပထမဆုံး ပိုးတွေ့လူနာမှာ မြောက်ဦးဆေးရုံ၌ ဆေးကုမှု ခံယူနေကြောင်း၊ ၎င်း၏ မိသားစုဝင် (၃) ဦးတွင် ကိုဗစ်ပိုး မတွေ့သော်လည်း စခန်းအတွင်းက စာသင်ဆောင်၌ သီးခြားခွဲထားသည့်အပြင် ကျန်ပိုးတွေ့လူနာ (၆) ဦးကို စခန်းအတွင်းရှိ နောက်ထပ်စာသင်ဆောင်၌  သီးခြားခွဲနေခိုင်းထားကြောင်း ၎င်းက ပြောသည်။

စင်းဘောကိုင်းစခန်းအတွင်း စခန်းထဲမှစစ်ဘေးရှောင်များကို အပြင်သွားလာခွင့်ကန့်သတ်ထားသလို တခြာလူတွေ ကိုလည်း စခန်းအတွင်းသို့ဝင်ရောက် သွားလာခွင့် ကန့်သတ်ထားမူကြောင့် စားဝတ်နေရေး အခက်အခဲများရှိကြောင်း ၄င်းစစ်ဘေးရှောင်စခန်းမှာတာဝန်ရှိသူ တစ်ဦးဖြစ်သည့်  ဦးညီပုက နိရဉ်စရာသတငျးဌာကိုပွောသညျ။

“ပိုးတွေ့လူနာတွေကို ကန့်သတ်နယ်မြေထဲမှာထားပြီး မိသားစုတွေက အစားအသောက်တွေ ပို့ပေးရပါတယ်။ ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ခဲ့တဲ့သူတွေကိုလည် အိမ်ထဲမှာပဲ နေဖို့၊ နှာခေါင်းစည်း (Mask) တပ်ဖို့ သတိပေးထားပါတယ်။ စခန်းအတွင်းတစ်အိမ်နဲ့ တစ်အိမ် သွားလာခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။ အနီးအနားပတ်ဝန်ကျင်က ကျေးရွာ တွေကလည်း လောဒေါင်း ချထားတယ်။ စခန်းထဲက လူတွေလည်း အပြင်မထွက်ရဘူး။ လော့ဒေါင်းကာလလည်း ဘယ်အချိန်ထိမှန်းမသိတော့ စားဝတ်နေရေးအခက်အခဲတွေနဲ့ကြုံနေရပါတယ်။” ဟုပြောသည်။

၄င်းစစ်ဘေးရှောင်စခန်းမှာဇူလိုင်လ ၁၄ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးတစ်ဦးရှိခဲ့ပြီး ဇူလိုင်လ ၁၆ ရက်က ကိုဗစ်ပိုးစစ်ဆေးခဲ့ရာ ကိုဗစ်အတည်ပြုလူနာ ၆ ဦးထပ်မံတွေ့ရှိခဲ့သည်။ ပို့တွေ့လူနာများကို စခန်းအတွင်း၌ ကန့်သတ်နယ်မြေနှင့် ထားရှိပြီး ရောဂါလက္ခဏာပြင်းထန်လာပါက မြောက်ဦးဆေးရုံကို ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း မြောက်ဦးဆေးရုံအုပ် ဒေါက်တာခင်မောင်သန်းက ပြောသည်။

“စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းမှာ ကိုဗစ်ပိုးစစ်ကြည့်လိုက်တော့ ခြောက်ဦးထပ်မံတွေ့ရှိပါတယ်။ ပို့တွေလူနာ ၆ ဦးကတော့ ရောဂါလက္ခဏာ မပြင်းထန်ပါဘူး။ မြောက်ဦးဆေးရုံးကိုသယ်လာဖို့လည်း မလွယ်တဲ့အတွက် စခန်းမှာဘဲ ကန့်သတ်နယ်မြေနဲ့ထားခဲ့ပါတယ်။ ပို့တွေ့လူနာတွေအတွက် ကျန်မာရေးဝန်ထမ်းနှစ်ဦးကိုလည်းတာဝန်ပေးထားခဲ့ပြီး လိုအပ်တဲ့ ဆေးနဲ့ ဆေးဝါးပစ္စည်းတွေ ပေးထားခဲ့ပါတယ်။ တကယ်လို့ရောဂါလက္ခဏာ ပြင်းထန်လာခဲ့ရင်တော့ မြောက်ဦးဆေးရုံကိုပို့ဖို့ စီစဉ်ထားပါတယ်။ စခန်းထဲမှာလည်း ကျွန်တော်တို့ ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ခဲ့တဲ့သူတွေကို ကိုဗစ်စည်းကမ်းနဲ့အညီနေထိုင်ဖို့ ပညာပေးတာတွေ၊ ပိုးသတ်ဆေးဖြန်းပေးတာတွေလည်း လုပ်ခဲ့ပါတယ်” ဟုပြောသည်။

အဆိုပါ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များမှ စစ်ဘေးရှောင် လူဦးရေ ၄၀၀၀ နီးပါး အိမ်ထောင်စု (၇၇၅) စု နေထိုင်ကြောင်းသိရသည်။

https://www.facebook.com/narinjara.info/posts/4504808106197898

Leave a Reply

Your email address will not be published.