ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် Lockdown ချထားရသည့် စ‌င်းဘောကိုင်းစစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာပြတ်လပ်နေ

By Western News/ 2021 July 17

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ရှောင်စခန်းတွင် ကိုဗစ်ပိုးတွေ့ရှိထားမှုကြောင့် စခန်းကို Lockdown ချထားရာ ထောက်ပံ့မှုများလည်းမရောက်ရှိခြင်းကြောင်း ရိက္ခာပြတ်လပ်မှုများကြုံနေရသည်ဟု စခန်းတွင်း နေထိုင်သူများကပြောသည်။

စခန်းကို ပိတ်ထားသည့်အတွက် ယခင်ကဲ့သို့လည်းရှာဖွေစားသောက်၍ မရတော့ကြောင်း ထောက်ပံ့ကြေးရထားသည့် ရိက္ခာများမှာလည်း မိသားစုတစ်ခုလုံးအတွက် လုံလောက်မှုမရှိတော့ကြောင်း စခန်းတွင်နေထိုင်သည့် မကျန်ဝင်းနု ကပြောသည်။

“ရောဂါပိုးစစ်ခံရတဲ့ထဲမှာတော့ ကျမတို့တွေမပါပါဘူး။ ဒါပေမယ့်စခန်းတစ်ခုလုံးကို ပိတ်ထားတာလေ။ အနီးအနားက ရွာတွေကလည်း စခန်းကလူတွေဆို ရွာထဲအဝင်မခံတော့ဘူး။ အရင်တုန်းကဆို ထောက်ပံ့ကြေးရတဲ့ရိက္ခာနဲ့ အဆင်မပြေပေမယ့် ကိုယ့်ဘာသာ ရှာစားလို့ ရသေးတယ်။ ခုကတော့ အဲလိုမရတော့ဘူး။ ရှိတဲ့ရိက္ခာတွေလည်း ကုန်နေပြီ” ဟုပြောသည်။

စခန်းကို Lockdown ချလိုက်ကတည်းက ကျန်းမာရေးဌာန မှလာရောက်စစ်ဆေးမှုများသာရှိပြီး ရိက္ခာထောက်ပံ့မှု တစ်စုံတစ်ရာ မရောက်ရှိသေးကြောင်း စခန်းတာဝန်ခံ ဦးညီဘု မှပြောသည်။

“ရိက္ခာအခြေအနေကပြောရမယ်ဆိုရင် အခြေအနေမကောင်းပါဘူး။ Lockdown ချပြီးတည်းက ကျန်းမာရေးက လာစစ်တာတွေကလွဲရင် ဘယ်ကမှ ရိက္ခာထောက်ပံ့မှုမရသေးပါဘူး။ စစ်ဆေးပြီး သီးခြားထားထားတဲ့လူနာတွေ အတွက်လည်း ဘာမှမရပါဘူး။ သူ့တို့စားမယ့် ထမင်းဟင်းတွေကို မိသားစုတွေကပဲ ဖြစ်သလိုချက်ပြုတ်ပြီး သွားပို့ရပါတယ်” ဟုဆိုသည်။

စင်းဘောကိုင်း စစ်ရှောင်စခန်းအား ရိက္ခာထောက်ပံ့မှုကိစ္စနှင့်ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၃) ဦးသန်းထွန်း အားဆက်သွယ်မေးမြန်းကြည့်ရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြတန်ဆောင်းဆရာတော်တို့ စီစဉ်နေကြ ကြောင်း ပြောသည်။

“စခန်းက Lockdown ချထားတယ်ပေါ့။ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးကောင်စီက မြတန်ဆောင်းဆရာတော်ဆီ ကို ရိက္ခာတွေထောက်ပံ့ဖို့စီစဉ်နေကြတယ်လို့ကြားတယ်။ ကျနော်လည်းခု ခရီးသွားနေရလို့ပါ” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြောက်ဦးခရိုင် ဒုစီမံအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင် အားမေးမြန်းကြည့်ရာ ဘေးစီမံ (သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး) ကသာရိက္ခာထောက်ပံ့မှုများကိုလုပ်ဆောင်ကြောင်း ပြောသည်။“ရိက္ခာထောက်ပံ့မှုကတော့ ဘေးစီမံကအဓိကလုပ်ဆောင်ပါတယ်။ သူတို့ကထောက်ပံ့ပေးပြီးမှပဲ ကျနော်တို့ကိုတင် ပြတာပါ” ဟုဆိုသည်။

စခန်းကိုရိက္ခာထောက်ပံ့ဖို့ကိစ္စမှာ ခရိုင်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ပြည်နယ်ကို အကူညီလှမ်းတောင်းနေရုံသာ ဖြစ်ပြီး စီစဉ်သည့် အဆင့်ထိမရောက်သေးကြောင်း စခန်းတွင်းစားနပ်ရိက္ခာအခြေအနေမှာလည်း ထောက်ပံ့မှုသာမရလျှင် အငတ်ဘေးဆိုက်ကြမည့် အခြေနေတွင်ရှိကြောင်း မြောက်ဦးမြို့ မြတန်ဆောင်းဆရာတော်က မိန့်သည်။

“ရိက္ခာထောက်ပံ့မှုစီစဉ်နေတယ်ဆိုတာထက် အကူညီလှမ်းတောင်းနေတုန်းဆိုပိုမှန်လိမ့်မယ်။ ခရိုင်အုပ်ချုပ်ရေးမှူး ကိုပြောထားတာ ရှိပါတယ်။ သူတို့ကတော့ ပြည်နယ်ကိုလှမ်းပြောထားတယ်လို့ပြောတယ်။ စစ်ရှောင်စခန်းမှာက စကတည်းက ဆန်၊ ဆီ၊ ဆား၊ လက်ဖက်ခြောက်၊ မီးသွေး၊ သကြား စတာတွေပဲရတာ ကျန်တာတွေက အကုန်ကိုယ့် လာသာရုန်းကန်နေကြရတာ။ ခု ဘယ်မှမထွက်ရတော့ အခြေအနေကတော်တော်ဆိုးတယ် ထောက်ပံ့မှုတွေသာမရ ရင် ငတ်သွားနိုင်တယ်ပေါ့နော်” ဟုပြောသည်။

စင်းဘောကိုင်း စစ်ရှောင်စခန်းတွင် ဇူလိုင်လ ၁၄ ရက်နေ့က စခန်းတွင်းနေထိုင်သူ အမျိုးသမီးတစ်ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ရာမှ စခန်းကို ရက်အကန့်သတ်မရှိ Lockdown ချမှတ်ခဲ့ခြင်းဖြစ်သည်။ Lockdown ချပြီးနောက် စခန်းကို Mask ၊ PPE ဝတ်စုံ၊ သီးခြားအိမ်သာ ၂ လုံး၊ ခြင်ထောင်၊ ခေါင်းအုံး နှင့် လက်သန့်ဆေးရည်များသာ ထောက်ပံ့ပေးမှု ရှိခဲ့ကြောင်း သိရသည်။

စင်းဘောကိုင်းစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၇၇၅ စုနှင့် လူဦးရေ ၃၉၀၁ ဦးထိရှိပြီး ၄ ရက်အတွင်း စခန်းမှ ရောဂါပိုးတွေ့ရှိသူ ၇ ဦးထိရှိခဲ့ပြီး မြို့နယ်ကျန်းမာရေးဌာနမှ ဆက်လက်စစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/331735355299642

Leave a Reply

Your email address will not be published.