By Western News/ 2021 July 15

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းတွင် အမျိုးသမီးတစ်ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးနောက် စခန်းအား Lock down ချလိုက်ပြီး ကျေးရွာ ၆ ရွာမှလည်း ဝင်ခွင့်ပိတ်လိုက်သည်။
အဆိုပါစစ်ဘေးရှောင်စခန်း၏ အနီးအနားကျေးရွာများဖြစ်သည့် စင်းဘောကိုင်းကျေးရွာ၊ မော်ရွာသစ်၊ မော်ရွာ ဟောင်း၊ ကုန်းရွာ၊ ခြစ်ချောင်းနှင့် ဘုရားကြီးစသည့် ကျေးရွာ ၆ ရွာတို့က ရွာဝင်ခွင့်ပိတ်လိုက်ကြောင်း တာဝန်ရှိသူများက Western News ကိုပြောသည်။
၎င်းစခန်းမှ ဒုက္ခသည်များကို အနီးအနားကျေးရွာက ရွာဝင်ခွင့်ပိတ်ထားသည့်အတွက် စားနပ်ရိက္ခာအခက်အခဲများကြုံတွေ့ရတော့မည် ဖြစ်ကြောင်း စင်းဘောကိုင်စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် စစ်ဘေးဒုက္ခသည် ဒေါ်လှရီကပြော သည်။
“ကျွန်မတို့ က တောတောင်တွေသွားပြီးတော့ မျှစ်တွေခူးတယ်။ လေးမြို့မြစ်ကငါးရှာကြတယ်။ ဝါးခုတ်ကြတယ်။ ရလာတာတွေကို အနီးအနားကရွာတွေကို သွားပြီးရောင်းကြတယ်ပေါ့။ များများစားစားမဟုတ်ရင်တောင် အပိုဝင်ငွေလည်း နည်းနည်းရှာနိုင်တော့ စားနပ်ရိက္ခာအတွက် နည်းနည်းအထောက်အပံ့ဖြစ်တယ်။ ခုကျတော့ စခန်းကိုလည်း Lock down ချထားပြီး ရွာတွေကလည်း အဝင်ကန့်သတ်ထားတော့ စားဝတ်နေရေးအခက်ကြုံရတော့မယ်” ဟုပြောသည်။
စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင်ကိုဗစ်ပိုးတွေ့ရှိသည့်အတွက် ကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် ယင်းကဲ့သို့လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ခြစ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းထွန်းက ပြောသည်။
“စစ်ဘေးရှောင်စခန်းမှာကိုဗစ်ပိုးတွေ့တော့ အကုန်လုံးက စိုးရိမ်ကျတာပေါ့နော်။ ကျွန်တော်ကလည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ အဲ့ဒီစစ်ဘေးရှောင်စခန်းက လူတွေကိုရွာဝင်ခွင့်ပိတ်လိုက်တာပါ။ စစ်ဘေးရှောင်စခန်းမှာ တော်တော်လေး အခက်ကြုံသွားမှာတော့ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း လုပ်သင့်လို့ရွာကလူကြီးတွေတိုင်ပင်ပြီးလုပ်ကြတာပါ”ဟုပြောသည်။
ပိုးတွေ့သူအမျိုးသမီး၏ မိသားစုဝင် ၂ ဦးကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ရန်အတွက် မြောက်ဦးသို့ပို့ရန်စီစဉ်နေသည်ဟု စင်းဘောကိုင်းစခန်းတာဝန်ခံ ဒေါ်ဥမ္မာနွယ်က Western News ကို ပြောသည်။
“ကျွန်မတို့ လက်ရှိမှာတော့ စခန်းတွင်းမှာ တတ်နိုင်သလောက် ကိုဗစ်ကာကွယ်မှုတွေလုပ်ဆောင်ထားပါတယ်။ လက်ဆေးဖို့ဘေစင်တွေ လုပ်ထားပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကတော့ အများကြီးလိုအပ်နေပါတယ်ရှင့်။ ဆေးဝါးတွေက အစပေါ့။ Maskကလည်း လုံလောက်မှုမရှိဘူးဖြစ်နေပါတယ်။ အိမ်ထောင်စု တစ်ခုမှာ လူ ၅ ဦးရှိ ရင် ၃ခုလောက်ပဲပေးနိုင်ပါတယ်။ မနှစ်ကကျန်ခဲ့တာကိုပဲ မျှသုံးနေရတာပါ။ ပိုးတွေ့တဲ့ အမျိုးသမီး ရဲ့မိသားစု ဝင် တွေကို မြောက်ဦးကိုပို့ဖို့စီစဉ်နေပါတယ်”ဟုပြောသည်။
အဆိုပါစစ်ဘေးရှောင်စခန်းမှ အဝေးပြေးလမ်းမကိုရောက်ရန်အတွက် စင်းဘောကိုင်းကျေးရွာကိုဖြတ်ရပြီး အရေးပေါ် ကျန်းမာရေးအခြေအနေဖြစ်ပါက ဆွေးနွေးမှုလုပ်ပြီးမှ သာဖြတ်သန်းခွင့်ပြုမည်ဟုလည်းသိရသည်။
လက်ရှိတွင် စစ်ဘေးရှောင်စခန်းကို ရက်အကန့်အသတ်မရှိလော့ဒေါင်ချထားမည်ဖြစ်ပြီး မြို့နယ်ကျန်းမာရေးဦးစီး ကခွင့်ပြုချက်ရရှိမှသာ လော့ဒေါင်ပြန်ဖြေလျော့မည်ဖြစ်ကြောင်းစခန်းတာဝန်ခံများကပြောသည်။ ယင်းစစ်ဘေ ရှောင်စခန်းတွင် အိမ်ထောင်စု ၇၇၅စုနှင့် လူဦးရေ ၃၉၀၁ဦးထိရှိကြောင်းသိရှိရသည်။
https://www.facebook.com/westernnewsagency/posts/330427312097113