ကိုဗစ်စည်းကမ်းများကို လိုက်နာကြရန် ULA တိုက်တွန်း

By Western News/ 2021 July 5

မိဘပြည်သူလူထုများအနေဖြင့် လုံးဝလိုက်နာရမည့် ကိုဗစ်စည်းကမ်းနှင့် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့မှထုတ်ပြန်သည့် ဒေသန္တရ အမိန့်များကို လိုက်နာရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ယနေ့ ဇူလိုင်လ ၅ ရက်တွင် ထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်း လိုက်သည်။

ထုတ်ပြန်ချက်တွင် တကျော့ပြန်ဖြစ်ခြိမ်းခြောက်လာသည့် ကိုဗစ် တတိယလှိုင်းအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ချုပ် (WHO) နှင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုရိုနာကူးစက်မြန်ရောဂါနှင့်ပတ်သတ်၍ လုံးဝလိုက်နာရမည့် စည်းကမ်းများ၊ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်များကို မိဘပြည်သူလူထုများအနေဖြင့် တသွေမတိမ်း လိုက်နာကြရန်နှင့် မပေါ့ကြရန် အထူးသတိပေးတိုက်တွန်းကြောင်းပါရှိသည်။

ဆက်လက်၍လည်း ၂၀၁၉ ခုနှစ်ကုန်ခါနီးမှ စတင်ဖြစ်ပွားခဲ့သော ကိုရိုနာကူးစက်မြန်ရောဂါသည် လုံးဝတားဆီးနိုင်သည့် အခြေအနေသို့ မရောက်ရှိသေးဘဲ ယနေ့အချိန်ထိ ကမ္ဘာ့အနှံ့အပြားတွင်ဆက်လက်ကူးစက်နေဆဲဖြစ်ကာ ကမ္ဘာ့နိုင်ငံကြီးများသည်လည်း ကိုဗစ်ဒဏ်ကိုခံစားခဲ့ကြပြီးဖြစ်သည်ဟုဖော်ပြသည်။

မြန်မာနိုင်ငံသည် ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် အခြားနိုင်ငံများလောက် ကိုရိုနာရောဂါကူးစက်မှုဒဏ်ကို များစွာမခံစားခဲ့ ရသော်လည်း ကိုဗစ်တတိယလှိုင်းသည် ယခင်လှိုင်းများကာလ၏အခြေအနေနှင့် မတူညီသော နိုင်ငံရေးအခင်းအကျင်း အောက်တွင် ရှိနေသောကြောင့် သတိကြီးကြီးထားရမည့် အနေအထားတွင်ရှိကြောင်းလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ရခိုင်ပြည်၊ မောင်တောမြို့တွင် ယခုရက်များအတွင်း ဒေသခံများမဟုတ်ဘဲ ပြည်မမှ နိုင်ငံတာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသူများထဲတွင် ကိုရိုနာကူးစက်ရောဂါပိုးအား ကိုဗစ်တတိယလှိုင်း၌ပထမဆုံးအစုလိုက်အပြုံလိုက်တွေ့ရှိထားပြီး ရောဂါနှင့်ပတ်သတ်၍လည်း ကြိုတင်ကာကွယ်တားဆီးခြင်း၊ စစ်ဆေးခြင်း၊ သီးသန့်ထားခြင်းများကို ထိရောက်စွာမလုပ်နိုင်သေးကြောင်းကို ပြသရာရောက်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

https://www.facebook.com/westernnewsagency/posts/323740859432425

Leave a Reply

Your email address will not be published.