ကိုဗစ်ကြောင့် သံတွဲမြို့ ဒွွါရာဝတီမြို့မစျေးကြီးကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်း

By Narinjara/ 2021 July 13

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ သံတွဲမြို့ ဒွါရာဝတီမြို့မစျေးကြီးကို ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းမှစ၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

စျေးတစ်ခုလုံးကို ယာယီပိတ်သိမ်းလိုက်သော်လည်း စားသောက်ကုန်၊ အသားနှင့်ငါးစျေးတန်းစသည့် ပျံကျစျေးသည်များကို မြို့စွန်ဘောလုံးကွင်းအနီးသို့ပြောင်းရွှေ့ပေးထားသည်ဟုလည်း သံတွဲမြို့မှ လူမှုရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေသူ ဦးထွန်းသန့်ကျော်က နိရဥ္စရာသတင်းဌာနအား ပြောသည်။

“ဆိုင်အားလုံးပိတ်လိုက်ပါပြီ။ ဆေးဆိုင်တွေကတော့ ပိုင်ရှင်တွေရဲ့နေအိမ်တွေကနေတဆင့် ရောင်းချပေးနေတာရှိတယ်။ ဘောလုံးကွင်းထဲမှာလည်း စနစ်တကျ လုပ်ထားတယ်။ မြို့ခံလူထုက သဘောတူညီချက်နဲ့ မိမိတို့သဘောအတိုင်းလုပ်ကြတာပါ။ အာဏာပိုင်တွေအနေနဲ့ကလည်း သဘောတူတယ်” ဟု ပြောသည်။

သံတွဲမြို့မစျေးကြီးတွင် စျေးဆိုင်ခန်းပေါင်း ၁ဝ၈ဝ ရှိပြီး ယင်းဆိုင်ခန်းများအားလုံးကို ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။

သံတွဲမြို့ခံ ဒေါ်အိအိဝင်းက “အစ်မတို့ မနက်ကစျေးသွားတော့ ဆိုင်ခန်းတွေအကုန်ပိတ်ထားပြီ။ မြို့ဘောလုံးကွင်းအနားကို ရောက်သွားပြီလို့ပြောပါတယ်။ ဘောလုံးကွင်းနားမှာလည်း စည်းစနစ်နဲ့လုပ်ဆောင်ထားတာလည်းတွေ့ရလို့ ဝမ်းသာပါတယ်။ အပြင်လည်း တအား မထွက်ဖြစ်ကြတော့ဘူးပေါ့။ အစ်မတို့အတွက် အခက်အခဲလည်းမရှိပါဘူး။ စျေးကို သုံးရက်တစ်ခါလောက်ပဲသွားပြီး ဝယ်ထားပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် မေလ ၁၂ ရက်နေ့မှ ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့အထိ နှစ်လအတွင်း ကိုဗစ်ကူးစက်ခံရသူူ အယောက် ၁ဝဝဝ နီးပါးရှိလာနေပြီး သေဆုံးသူ ၁၇ ဦးအထိရှိလာနေပြီဖြစ်သည်။

သံတွဲတွင် ကိုဗစ်ကြောင့် သေဆုံးသူ ၂ ဦးရှိသည်ဟုလည်း သိရသည်။

https://www.facebook.com/narinjara.info/posts/4490509204294455

Leave a Reply

Your email address will not be published.