By Narinjara/ 2021 July 9
ဆောင်းဇာခြည်

ရခိုင်ပြည်နယ်အတွင်း စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းမျိုးမဟုတ်ဘဲ ပါဆယ်စနစ်ကို ကျင့်သုံးကြရန် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ညွှန်ကြားလိုက်သည်။
ယနေ့ ဇူလိုင်လ ၉ ရက်နေ့၊ နေ့လယ်ပိုင်းက စစ်တွေရှိ ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမတွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဦးလှသိန်းက “တကယ်လို့ လက်ရှိအနေအထားအရ အဆင်သင့်လည်း မဖြစ်ကြသေးဘူး၊ တချို့ကလည်း ကိုဗစ်ကို ယုံတဲ့သူလည်းရှိတယ်။ မယုံတဲ့သူလည်းရှိတယ်။ ဆိုတော့ ကျွန်တော်တို့က တော်တော်လေး ချင့်ချိန်ပြီးတော့ လုပ်ရပါတယ်။ အဲဒါကြောင့် ပါဆယ်ရောင်းတဲ့စနစ်ကို နံပါတ် ၁ ဦးစားပေးလုပ်ပါ။” ဟု ပြောသည်။
စားသောက်ဆိုင်များဘက်ကမူ ယခုကိစ္စကို ယနေ့ညနေပိုင်းအထိ မသိရှိသေးသလို တရားဝင်ညွှန်ကြားစာလည်း မရောက်သေးဟု ဆိုကြသည်။
သို့သော် ၎င်းတို့အနေဖြင့် ကိုဗစ်ဒုတိယလှိုင်းကရောင်းချခဲ့ရသည့်ပုံစံအတိုင်း ပါဆယ်စနစ်အပြင် အိမ်တိုင်ယာရောက်ပို့ဆောင်ပေးသည့် Delivery စနစ်ကိုပါ ကျင့်သုံးလျက်ရှိနေသည်ဟု ဆိုသည်။
“ကျနော်တို့ကတော့ အရင် ဒုတိယ Wave တုန်းကလို Delivery ပို့တယ်။ ပါဆယ်ရောင်းတယ်။ လာထိုင်စားတယ်ဆိုရင်လည်း ဝိုင်းက အများကြီးမရှိဘူးလေ။ နေရာကလည်း အကျယ်ကြီး။ လက်ဆေးတာတွေလည်း လုပ်ပေးထားတယ်။ Hand Gel ထားပေးတယ်။ ဆပ်ပြာနဲ့ဆေးချင်ရင်လည်း ဘေစင်ထားပေးတယ်ပေါ့။ ဒီမှာကတော့ တော်တော်များဆိုင်ကလည်း အားလုံး အဲလိုလုပ်ထားတယ်လို့ မြင်ပါတယ်။”ဟု ဟု စစ်တွေရှိ ကစ္ဆပစားသောက်ဆိုင်ပိုင်ရှင် ဦးမိုးကျော်က ပြောသည်။
အကယ်၍ စားသုံးသူများအနေဖြင့် ဆိုင်ထိုင်ပြီး စားသောက်လိုလျှင် ကိုဗစ်စည်းကမ်းချက်များအတိုင်း လိုက်နာစားသုံးရမည်ဟုလည်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။
“တစ်စုံတစ်ရာ အတိုင်းအတာအထိတော့ ကျွန်တော်တို့ လူတွေဘက်က လိုက်နာဆောင်ရွက်မှုအပိုင်းတွေမှာ အားနည်းနေတယ်လို့ မြင်လာရင်တော့ ဒီထက်ထိန်းချုပ်မှုအပိုင်းတွေမှာ ပိုပြီး ကြပ်မတ်လာနိုင်ပါတယ်။” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် တတိယလှိုင်းအတွင်း ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့အထိ ကိုဗစ်ပိုးအတည်ပြုလူနာ စုစုပေါင်း ၆၆၉ ဦး၊ ဆေးရုံဆင်း ၁၀၇ ဦးနှင့် သေဆုံးသူ ၇ ဦးရှိပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနစာရင်းများအရ သိရသည်။
https://www.facebook.com/narinjara.info/posts/4480514228627286