ကိုဗစ်ကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးဂိတ်များ ယာယီပိတ်ပင်

By VOA/ 2021 July 7

ကိုဗစ်ကူးစက်မှုတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်မှာ ကိုဗစ်စည်းကမ်းတွေလည်း တင်းကြပ်ထား သလို ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေရှ့် နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို ဒီလ ၁၅ရက်နေ့က နေစပြီး ဇူလိုင်လကုန်အထိ ယာယီပိတ်ထားမယ့်လို့ ရခိုင်အာဏာပိုင်တွေကဖက်က ပြောပါ တယ်။ အခုလို နယ်စပ်ကုန်သွယ်ရေးကို ပိတ်လိုက်ရတာကြောင့် သူတို့အနေနဲ့ စျေးကွက်ပျောက်ဆုံးတာတွေ ရှိတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဒီအကြောင်း ရခိုင်က လာတဲ့ သတင်း ကိုသိန်းထိုက်ဦး ပြောပြပါမယ်။

ကိုဗစ်ပူးစက်မှုတွေ တစ်နေ့ထက် တစ်နေ့ တိုးလာနေတဲ့ ရခိုင်ပြည်နယ်မှာ ကိုဗစ်စည်း ကမ်းတွေကိုလည်း တင်းကြပ်ထားသလို တတိယလှိုင်း ကိုဗစ်အတည်ပြုလူနာ စတင်တွေ့ရှိခဲ့တဲ့ ရခိုင်- ဘင်္ဂလားဒေရှ့် နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို နှစ်ပတ်ကြာ ယာယီ ပိတ်ထားဖို့ ရခိုင်အာဏာပိုင်တွေက ဆုံးဖြတ်ထားတာပါ။

ဘင်္ဂလားဒေရှ့်နိုင်ငံကို အဓိက ကုန်ကူးနေတဲ့ စစ်တွေနဲ့ မောင်တောမြို့နယ် မြို့နယ်တွေမှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ဇူလိုင်လ ၁၅ရက်နေ့က စပြီး လကုန်တဲ့အထိ နှစ်ပတ်ကြာပိတ်ထားမှာ ဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီပြောခွင့်ရ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကပြောပါတယ်။

“ အများပြည်သူတွေ စိုးရိမ်ရတဲ့ အချိန်ဖြစ်တယ်။ ရာသီကလည်း တုတ်ကွေးရာသီဖြစ်သလို ကိုဗစ်ကူးကလည်း ကျနော်တို့ ရခိုင်မကပဲ ပြည်တွင်းမှာ တစ်ခြားသောတိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ Third wave က ကူးစက်မှုများနေတဲ့အတွက် ကျနော်တို့ မနေ့က အစည်းအဝေးမှာပဲ နယ်စပ်ကုန်သွယ်ရေးကိုလည်း ပိတ်ထားရင် ကောင်းမယ်လို့ သုံးသပ်ကြပါတယ်။ ဆိုတော့ မနေ့တော့ သုံးသပ်တာပေါ့လေ။ သုံးသပ်တော့ လာမယ့်ကြာသပတေးရက်မှာ ပုံမှန် ကျနော်တို့ အစိုးရအဖွဲ့ အစည်းအဝေးရှိပါတယ်။ အဲဒီမှာ မနေ့က ဆွေးနွေးထားတာတွေကို ဆုံးဖြတ်သွားဖို့ ရှိပါတယ်။ ကျနော်တို့ကတော့ ဒီလ ၁၅ရက်နေ့က စပြီး ဇူလိုင်လ ကုန်တဲ့ အထိ နှစ်ပတ်တာ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စစ်တွေ-တက္ကနက်၊ မောင်တော-တက္ကန စခန်းနှစ်ခုလုံးကို ရပ်ထားဖို့ အစီအစဉ်တွေ လုပ်ထားပြီးဖြစ်ပါတယ်။ သက်ဆိုင်ရာ ကုန်သည် တွေ ရေယာဉ်တွေ သက်ဆိုင်တဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေ ကိုလည်း ကျနော်တို့ သတိပေးထားပေးပါပြီ။”

ပြီးခဲ့တဲ့သြဂုတ်လအတွင်းက စတင်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ကို ကုန်ကူးပြီးပြန်လာတဲ့ ကုန်သင်္ဘော ၄ စီးပေါ်က ကုန်သည်တွေကို COVID-19 ရောဂါ ရှိ၊ မရှိ ကျန်းမာရေးတာဝန်ရှိသူတွေ စောင့်ကြည့် စစ်ဆေးနေတာမှာ အတည်ပြုလူနာ ၄ ယောက် တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

အခုလို နယ်စပ်ကုန်သွယ်ရေးစခန်းကို ယာယီပိတ်လိုကတာဟာ ရခိုင်ပြည်နယ် အတွက် တိုက်ရိုက်ထိခိုက်မှု တစ်စုံတစ်ရာမရှိပေမယ့် ကုန်သည်တွေအတွက် တစ်ဖက်နိုင်ငံမှာ စျေးကွက်ပျောက်ဆုံးတာတွေရှိတယ်လို့ ကုန်သွယ်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောပါတယ်။

“ တခေါက်ကလည်း ၈လကျော် ၉လ ပိတ်သွားတော့ ကျနော်တို့မှာ စျေးကွက်ပျောက်သွားတယ်။ စျေးကွက်ပျောက်တယ်ဆိုတာက ဒီကထွက်တဲ့ ကုန်တွေက တစ်ဖက်နိုင်ငံကို မသွားတော့ သူတို့ကလည်းရတဲ့ နိုင်ငံတွေကနေ ဝယ်ရတာပေါ့လေ။ ပြန်ဖွင့်ရင်လည်း ကျနော်တို့က စျေးကွက်ထပ်ရှာရတယ်။ ရရှိထားတဲ့ စျေးကွက်တွေ ပျောက်သွားတဲ့ အတိုင်းအတာလေးတွေတော့ ရှိတယ်။ နယ်စပ်ကုန်သွယ်ရေး ပိတ်တာ၊ ဖွင့်တာကတော့ ရခိုင်ပြည်နယ်နဲ့ သိပ်ဒါရိုက်ကြီးတော့ သက်ဆိုင်တာ မရှိဘူးခင်မျာ။ ”

ပြီးခဲ့တဲ့ နှစ်ကလည်း ကိုဗစ်ကူးစက်မှုတွေကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ၂၀၂၀ခုနှစ် သြဂုတ်လ ကစတင်ပြီး ၂၀၂၁ ခုနှစ် ဧပြီလ အထိ ၈ လကျော်ကြာ ပိတ်ထားခဲ့ရ တာလည်း ဖြစ်ပါတယ်။

ပြန်ဖွင့်တာ လပိုင်းလောက်ပဲရှိသေးတဲ့ ရခိုင်နဲ့ ဘင်္ဂလာဒေရှ့်နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို လက်ရှိမှာလည်း ကိုဗစ်ကြောင့် ထပ်မံပိတ်ထားရတာပါ။ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို နှစ်ပတ်လောက်သာ ပိတ်ထားပေမယ့် ကိုဗစ်ကူးစက်မှုတွေပေါ်မှာ မှူတည်ပြီး လိုအပ်ရင် လိုအပ်သလို ဆောင်ရွက် သွားမှာဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဖက်က ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ မနေ့ကအထိ ကိုဗစ်အတည်ပြုလူနာ ၅၁၇ ဦးရှိပြီး သေဆုံးသူ ၅ဦး ရှိပါတယ်။ အာဏာပိုင်တွေ ဖက်ကတော့ ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းကမ်းတွေကို လိုက်နာဖို့ တိုက်တွန်း ထားပါတယ်။

https://www.facebook.com/VoA.Burmese.News/posts/10159275419585170

Leave a Reply

Your email address will not be published.