ကိုဗစ်ကြောင့် စစ်တွေရှိ KTV ဆိုင်များရက်အကန့်အသတ်မရှိပိတ်

By Narinjara/ 2021 July 21

ဆောင်းဇာခြည်

ကိုဗစ်တတိယလှိုင်းကြောင့် စစ်တွေတွင် တည်ရှိသည့် KTV ဆိုင် ခြောက်ဆိုင်စလုံးကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြပြီဖြစ်ကြောင်း သတင်းရရှိသည်။

White House KTV မှ ပိုင်ရှင် ဦးသိန်းရွှေက “ကျွန်တော်တို့က ပြည်နယ်က မညွှန်ကြားခင် တစ်ပတ်အလိုက စပိတ်လိုက်တာပါ။ ပိတ်တာ သုံးပတ်လောက်ရှိပါပြီ။ ကိုဗစ်ကပ်ရောဂါဆိုတာက အင်မတန်မှ ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုပါ။ KTV ဆိုတာက အများပြည်သူက လာပြီး Relax လုပ်တဲ့ နေရာတစ်ခုဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ဝန်ထမ်းတွေက အန္တရာယ်တစ်စုံတစ်ရာမဖြစ်ရသလို အဲဒီပါလာတဲ့သူတွေဆီကလည်း မကူးရအောင်၊ ကူးခဲ့ရင်တောင်မှ အများပြည်သူ တစ်ယောက်ပြီးတစ်ယောက် ကူးစက်မှု မပြန့်ပွားရအောင်အတွက် ကိုယ့်ရဲ့ အသိစိတ်နဲ့ကိုယ် နိုင်ငံအတွက်၊ ပြည်သူအတွက်၊ ဂရုဏာတရားနဲ့ ပိတ်လိုက်ရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ KTV များအား ပိတ်ကြရန်များမကြာမီက ညွှန်ကြားချက် တစ်စောင်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

KTV မှ ပိုင်ရှင် ဦးကျော်ဌေးက “ ပြည်နယ် အစိုးရ မညွှန်ကြားမီ ဇူလိုင်လ ၁၆ ရက် နေ့မှစပြီး Rock’N Roll ပိတ်ထားလိုက်ပါပြီ။ KTV တွေကတော့ တစ်မြို့လုံး ပိတ်ထားလိုက်ပါပြီ။ ကျွန်တော်တို့က အစိုးရက စာမထုတ်ခင်ကတည်းက ပိတ်လိုက်တာ။ လူတွေရဲ့ ကျန်းမာရေးဆိုတော့၊ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ကိစ္စပဲလေ။ ကျွန်တော်တို့က ပိတ်ပေးရမှာပေါ့” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ KTV များအား ယခုကိုဗစ်ကာလအတွင်း ပိတ်ထားကြရန် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီမှ ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက အတည်ပြု ပြောဆိုသည်။

“ညွှန်ကြားထားတာကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပိတ်ဖို့ ညွှန်ကြားလိုက်တာပါ။ ညွှန်ကြားစာမှာတော့ ဘယ်နေ့ပြန်ဖွင့်ရမယ် မပါဘူး။ ကိုဗစ်ဖြစ်တဲ့ နှုန်းပေါ်မှာမူတည်ပြီးတော့ လုပ်တာပေါ့” ဟု ပြောသည်။

စစ်တွေမြို့တွင် KTV ၆ ခုရှိပြီး ၎င်းတို့မှာ အထဲတွင် Wave၊ White House၊ ချမ်းမြေ့ဝေ၊ Rock’N Roll၊ Music စသည့် KTV တို့ ပါဝင်သည်။

https://www.facebook.com/narinjara.info/posts/4514148865263822

Leave a Reply

Your email address will not be published.