ကမ်းနားလမ်းနှင့် BXT ဆိပ်ကမ်းတို့တွင် အရက်သေစာသောက်စားမှုများအား ယနေ့မှစ၍ အရေးယူမည်

By Western News/ 2021 July 13

ကိုဗစ်ကာလအတွင်း စစ်တွေ ကမ်းနားလမ်းနှင့် BXT အိမ်ရာမြေစီမံကိန်းဆိပ်ကမ်းတို့တွင် အရက်သေစာ သောက်စားမှုများကို ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းမှစတင်ကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြောသည်။

ကမ်းနားလမ်းကို စနေနှင့် တနင်္ဂနွေဆိုလျှင် လုံးဝပိတ်ထားမည်ဖြစ်ပြီး ကျန်ရက်များတွင် ကန့်သတ်ထားမည်ဟု ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက Western News ကိုပြောသည်။

“ကျနော်တို့ ကမ်းနားလမ်းတွေမှာ အရက်သောက်တဲ့သူတွေကိုဖမ်းမယ်။ တရားစွဲမယ်။ အဲဒီဟာတွေက ထောင် ၇ ရက်လောက်ကျနိုင်တယ်။ ကမ်းနားလမ်းရော၊ BXTရော့ ဒီလိုအကြမ်းအားဖြင့် သဘောတူထားတယ်။ ကမ်းနားလမ်းကိုတော့ ဟိုတခေါက်ကလိုမပိတ်ဘူး။ ကန့်သတ်ထားမယ်။ ကျနော်တို့ လူတွေရဲ့အသံကို နားထောင်တယ်။ မပိတ်တာကိုတော့ ကြိုက်ကြတယ်။ ဒါပေမယ့် စနေနဲ့တနင်္ဂနွေရက်တွေဆိုတော့ ကျနော်တို့က ပိတ်ထားမယ်။ အခွန်ရုံးနားလေးကနေပိတ်ထားမယ်” ဟုပြောသည်။

ယင်းအပြင် စားသောက်ဆိုင်များနှင့် လမ်းဘေးဆိုင်များကို ရောဂါမကူးစက်ရန်အတွက် ကိုဗစ်စည်းကမ်းအတိုင်း အကာအကွယ်ဖြင့် ရောင်းချရန်ညွှန်ကြားထားပြီး ကိုဗစ်စည်းကမ်းအတိုင်းမရောင်းချနိုင်လျှင် ပါဆယ်စနစ်ဖြင့်ရောင်းချရမည် ဖြစ်ကြောင်း ဦးလှသိန်းက ဆက်ပြောသည်။

ကိုဗစ်အတည်ပြုလူနာများနှင့် ကိုဗစ်ကြောင့် သေဆုံးသူများပြားလာနေသည့် ရခိုင်ပြည်နယ်တွင် ယနေ့ ဇူလိုင်လ ၁၄ ရက်မှစတင်ကာ Mask မတပ်ဘဲသွားလာနေသူများကို ပထမအကြိမ် ကျပ် ၅၀၀ ဒဏ်ရိုက်မည်ဖြစ်ပြီး Mask မတပ်ဘဲဒုတိယအကြိမ် ထပ်မံတွေ့ရှိလျှင် ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေ၊ ဘေးစီမံဥပဒေများဖြင့်လည်း အရေးယူသွားမည်ဟု ဦးလှသိန်းကပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ဇူလိုင်လ ၁၃ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၀၀၀ နီးပါနှင့် ကိုဗစ်ကြောင့်သေဆုံးသူ ၁၈ ဦးထိရှိလာပြီဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/329647482175096

Leave a Reply

Your email address will not be published.