ကဗျာဆရာမောင်မင်းမာ(မြောက်ဦး) ကွယ်လွန်

By Narinjara/ 2021 July 28

အောင်ဇံ

ကဗျာဆရာ မောင်မင်းမာ (မြောက်ဦး) (၇၆) နှစ်သည် ဇူလိုင်လ(၂၇)ရက်က စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ နေအိမ်တွင် ၉၆ပါးရောဂါဖြင့် ကွယ်လွန်သွားကြောင်းသတင်းရရှိသည်။

ရခိုင့်ကလေးကဗျာစာပေကို စတင်ရေးဖွဲ့ခဲ့သူများတွင် တစ်ဦး အပါအဝင်ဖြစ်သည့် ဆရာမောင်မင်(မြောက်ဦး) ကွယ်လွန်သွားခြင်းသည် ရခိုင်စာပေလောကအတွက် အစားထိုးမရနိုင်သည့် ဆုံးရှုံးမှုဖြစ်သည်ဟု ကဗျာဆရာကျော်စိုးလူက ပြောသည်။

” ဆရာက ရခိုင့်ကလေးကဗျာလောကရဲ့ pioneer( ဦးဆောင်သူ) ဖြစ်တယ်။ သူတို့ရေးခဲ့တဲ့ ကလေးကဗျာတွေလိုမျိုး အခုထိမပေါ်သေးဘူး။ အနည်းအကျဥ်း ရှိတာကလည်း ပြည်မစာပေ သြဇာက မလွတ်ဘူးလေ။ ရခိုင့်စာပေလောက အတွက်တော့ ဆုံးရှုံးမှုကြီးတစ်ခုပေါ့။ စာပေ အနုပညာရှင်ကောင်းတစ်ဦးပါ”ဟု ၎င်းက နိရဉ္စရာ သတင်းဌာနသို့ပြောသည်။

ဆရာမောင်မင်းမာ(မြောက်ဦး)သ ည် ၁၉၈၁ခု နှစ်တွင် ရခိုင်ကလေးကဗျာ စာအုပ်ဖြစ်သည့် ” ယိုင်းစင်ထက်မှ ဆွဲလဲသံ” ကဗျာစာအုပ်ကို စစ်တွေစောနောင်၊ စစ်တွေ မောင်စောသူတို့နှင့် တွဲဖက်ထုတ်ဝေခဲ့သည်။

ဆရာမောင်မင်းမာ(မြောက်ဦး) (ခ) ဦးအစိန်သည် မြန်မာနိုင်ငံ စာရေးဆရာ အသင်းဝင်/ အမှတ်-၃၂၂၂ ဖြစ်ပြီး ရွှီပြည်ရခိုင်ပုံရိပ်သတင်းစာ၏ စာတည်းမှုးတစ်ဦး ဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက်(၇၆) နှစ် ရှိပြီဖြစ်ပြီး ယန့ ညနေ ၃ နာရီတွင် စစ်တွေသချိင်္င်းတွင် သင်္ဂြိုလ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆရာမောင်မင်းမာ (မြောက်ဦး) ကွယ်လွန်ခြင်း အပေါ် သူ၏ လုပ်ဖော် ကိုင်ဘက်စာရေးဆရာ၊ ကဗျာဆရာများအပါအဝင် မိသားစုများနှင့် ထပ်တူ အထူးဝမ်းနည်းပါကြောင်း နိရဉ္စရာသတင်းဌာနမှ မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

ဆရာမောင်မင်းမာ(မြောက်ဦး)၏ နောက်ဆုံးခရီးကို သူရေးသားခဲ့သော အောက်ဖော်ပြပါ ကဗျာဖြင့် ဂုဏ်ပြု ဖော်ပြအပ်ပါသည်။

ကောင်းမွီဆိုးမွီ

– — – – – – – – – – –

*မည်သူမပြု၊ မိမိမှုရာ

ကိုယ်ပြုသည့်ကံ၊ ကိုယ်ထံပြန်ရောက်

ဧကန်မုချ၊ ခံစားရ၏

*ကံဆိုသည်မာ၊ မြီလွှာပျိုးခိုက်

မျိုးကောင်းစိုက်က၊ ဖြစ်ထွန်းလာမေ

ဝီဆာသီးပွင့်၊ ပဏာတင့်၏

*မျိုးစိမမှန်၊ စိုက်ပျိုးပြန်က

ကောက်နှံသိမ်ဖျင်း၊ အသီးကင်းလျက်

ပျိုးခြင်းမလှ၊ ရင်နင့်ရ၏

*ကောင်းမွီဆိုးမွီ၊ အလီလီသည်

ပြုသူသည်သာ၊ ရင်မာခံစားရလီဖို့။

(ကဗျာနှင့်ဓာတ်ပုံများကို U Aung Kyaw Win ပို့စ်မှ ကူးယူဖော်ပြပါသည်။)

https://www.facebook.com/narinjara.info/posts/4535738243104884

Leave a Reply

Your email address will not be published.