By Western News/ 2021 June 14

Wave Money ဆိုင်များတွင် ငွေလွှဲ၊ ငွေထုတ်ရာတွင် ဝန်ဆောင်ခနှုန်းထားများကို ယခင်ကထက် ပိုမိုကောက်ခံနေ၍ ငွေလာထုတ်သူများအခက်ကြုံလျှက်ရှိကြောင်းအသုံးပြုသူများကပြောသည်။
ယခင်က ကျပ် ၁ သိန်းလွှဲလျှင် ငွေလွှဲဝန်ဆောင်ခ ကျပ် ၁၅၀၀ နှင့် ငွေထုတ်ရာတွင် ငွေထုတ်ယူခများပေးချေရခြင်းမရှိသော်လည်း ယခုအခါ ငွေထုတ်ယူခများအဆမတန်တိုးမြှင့်ကောက်ခံနေပြီး ငွေထုတ်ယူရာတွင်လည်း အခက်အခဲများကြုံတွေ့ရကြောင်း အသုံးပြုသူမျာကပြောသည်။
Wave Money မှ ငွေထုတ်လျှင် ငွေ ၁ သိန်းကို ကျပ်တစ်သောင်းမှ တစ်သောင်းခွဲထိပေးနေရပြီးငွေထုတ်ခအဆန်မတန်ပေး နေရသောကြောင့် အခက်အခဲများစွာကြုံတွေ့ နေရသည်ဟု စစ်တွေမြို့တွင် ကွန်ပျူတာသင်တန်းတက်ရောက်သင်ကြားနေသူ တစ်ဦးဖြစ်သည့် မင်းပြားမြို့နယ်မှ ကိုအောင်ကျော်စိုးက Western News ကိုပြောသည်။
“wave moneyက ငွေလွှဲချင်တယ်။ ငွေထုတ်ချင်တယ်ဆိုရင် လွှဲခ၊ ထုတ်ခရော အဆမတန်ပေးနေရတယ်။ အရင်ဆိုရင် လွှဲခပဲ ပေးရတာ။ ထုတ်ခမပေးရဘူး။ အခုကငွေတစ်သိန်းကို ထုတ်ခ တစ်သောင်း၊ တစ်သောင်းခွဲပေး နေရတယ်။ ထုတ်ခပေးရရင်လည်း ပေးရပေါ့ဗျ။ ငွေတစ်သိန်းဆိုရင် တစ်သောင်းကျော်ပေးနေရတော့ လုပ်ငန်းရှင် တွေပဲ အမြတ်စားသွားတယ်။ ကျွန်တော်ကစစ်တွေမှာ ကွန်ပျူတာတက်နေတာ။ သင်တန်းကြေးပေးဖို့ဆိုပြီးတော့ အိမ်ကငွေတစ်သိန်းလွှဲခိုင်းလိုက်တယ်။ wave ဆိုင်ကထုတ်တော့ ကိုယ်လိုချင်တဲ့တစ်သိန်းကိုအပြည့်မရတော့ဘူး။ အပြည့်မရတော့စားသောက်ရေး၊ နေထိုင်ရေးတွေမှာ အဆင်မပြေမူတွေ ဖြစ်သွားကြတယ်”
ဟုပြောသည်။
စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်မှ ငွေထုတ်၊ ငွေလွှဲလုပ်ကိုင်နေသည့် ကိုထွန်းထွန်းလင်းကလည်းယခင်က ငွေလာထုတ်သူများကို ပုံမှန် အတိုင်းထုတ်ပေး၍ ရသော်လည်း ယခုအခါ ကိုယ်စားလှယ်များထံမှ ငွေတောင်း၍မရသောကြောင့် ငွေကိုထိန်း၍ သာထုတ်ပေးနေရ ကြောင်းပြောသည်။
“ပြီးခဲ့တဲ့မတ်လလောက်ကနေ ကိုယ်စားလှယ်တွေဆီက ပိုက်ဆံထုတ်မရဘူး။ အလုပ်ကိုရပ်နားထားရတဲ့ပုံစံမျိုးဖြစ်နေတယ်။ အရင်က ဆိုရင် ငွေလာထုတ်သူတွေကို ပုံမှန်အတိုင်းပေးလို့ရတယ်။ အခုက ကိုယ်စားလှယ်တွေဆီက ငွေ နှစ်သိန်း၊ သုံးသိန်းတောင် တောင်းလို့ မရတော့ဘူး။ ဒါကြောင့် ငွေကိုထိန်းပြီးတော့ ထုတ်ပေးနေရတယ်။ ငွေမသေသွားအောင်ပေါ့။ ထုတ်ခတွေကတော့ ၁ သိန်းကို ၄ ထောင်၊ ၅ ထောင်လောက် တောင်းနေရတယ်”
ဟုပြောသည်။
စစ်တွေမြို့မှ အမည်မဖော်လိုသည့် ငွေလွှဲ၊ ငွေထုတ်ဝန်ဆောင်မှုပေးနေသူတစ်ဦးကလည်း”ကျနော်တို့မှာတော့ ငွေထုတ်ခ ၂ % ပဲယူတယ်။ ဒါပေမယ့် ၁၀ % ထိပေးရတဲ့ဆိုင်တွေလဲရှိတယ်။ တစ်ဆိုင်နဲ့တစ်ဆိုင်ကတော့ မတူဘူး”ဟုပြောသည်။
Wave Money ၏ မေလ ၂၁ ရက်နေ့ထုတ်ပြန်ချက်တွင် Wave Money အနေဖြင့် ဝန်ဆောင်မှုအတွက် ကျသင့်ငွေထက် ပိုမိုကောက်ခံခြင်းကို ခွင့်ပြုခြင်းမရှိကြောင်း အကြောင်းကြားထားပြီးဖြစ်သလို အခကြေးငွေများပိုမိုကောက်ခံသည့်အဖြစ် အပျက်များရှိလျှင်လည်း စစ်ဆေးအရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။
ယင်းအပြင် ယခုကဲ့သို့ အခြေအနေမျိုးတွင် သုံးစွဲသူများအပေါ် အခွင့်ကောင်းယူခြင်း (သို့မဟုတ်) စည်းကမ်းဖောက်ဖျက်ပြီးမမှန်မကန်ပြုမူမှုများကိုလည်း သင့်လျော်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
https://www.facebook.com/westernnewsagency/posts/310121937460984