KNU နဲ့ စစ်ကောင်စီတို့ ဖာပွန်မှာ တိုက်ပွဲဖြစ်

By RFA/ 2021 June 1

(ကရင်ပြည်နယ်၊ KNU ထိန်းချုပ်နယ်မြေ၊ ဗဟိုဌာနချုပ်မှာ ၂၀၂၀၊ ဒီဇင်ဘာ ၃ရက်နေ့က KNU တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်)

■ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ မူတြော်ခရိုင် (ဖာပွန်) နယ်မြေထဲမှာ ဇွန်လ ၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက KNU တပ်မဟာ (၅) တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ငါးဦး သေဆုံးတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

ဖာပွန်ခရိုင် ကူးဆိပ်နဲ့ မထော်ကျေးရွာကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က ငါးဦး ကျဆုံးတယ်လို့ မြေပြင်သတင်းပေးပို့မှုအပေါ် အခြေခံပြီး KNU သတင်းထုတ်ပြန်ရေးဌာနက ဖော်ပြထားပါတယ်။

တစ်ဆက်တည်းမှာပဲ ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာမှာလည်း ဒီကနေ့ နေ့လယ် ၁ နာရီက စစ်ကောင်စီ လက်အောက်ခံ BGF နယ်ခြားစောင့်တပ်နဲ့ DKBA ခွဲထွက်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ကရင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒီကနေ့တိုက်ပွဲမှာ DKBA ခွဲထွက်အဖွဲ့က ဗိုလ်ချုပ် စောကျော်သက် ဦးဆောင်တဲ့ တပ်ဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းထားသလို စစ်ကောင်ဘက်က နယ်မြေခံတပ်တွေနဲ့ BGF နယ်ခြားစောင့်တပ်တွေ တိုက်ပွဲဖြစ်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြဝတီတိုက်ပွဲမှာ စစ်ကောင်စီဘက်က သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့သလို ဖလူး-ဝေါ်လေး-ကျောက်ခတ်လမ်းတွေကို ခေတ္တပိတ်ထားတယ်လို့ KNU သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်တဲ့ မြဝတီမြို့နယ် ဖလူးကျေးရွာမှာ မေလ ၃၁ ရက် မနေ့က DKBA ခွဲထွက်တပ်ဖွဲ့က မြဝတီမြို့ကို ရိက္ခာလာထုတ်တဲ့ ဝေါလေးမြိုင်မြို့ နယ်မြေ ရဲစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦး၊ မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး တို့ကို ဖမ်းဆီးသွားရာကနေ အခုလို တိုက်ပွဲဖြစ်တာလို့ ကရင်ပြည်နယ်အခြေစိုက် သတင်းတွေက သုံးသပ် ဖော်ပြထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ KNU ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးသလို အဲဒီတိုက်ပွဲတွေမှာ ထိခိုက်ကျဆုံးတဲ့ အခြေအနေတွေကိုလည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဘက်ကလည်း အဲဒီဒေသက တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

https://www.facebook.com/rfaburmese/posts/10161128272393128

Leave a Reply

Your email address will not be published.