By Western News/ 2021 June 12

တောင်ကုတ်မြို့ မိုးပညာဒါန ပရဟိတကျောင်းမှ ဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်နှင့် တခြားပရဟိတလူငယ် ၆ ဦးတို့ AA နှင့်ဆက်စပ်သည်ဟု ဆိုကာ ဖမ်းဆီးခြင်းခံထားရသည်မှာ ၈ ရက်ခန့်ရှိပြီဖြစ်သော်လည်း မိသားစုဝင်များနှင့် အဆက်သွယ် မရရှိသေးကြောင်း သိရသည်။
ဖမ်းဆီးခံထားရသည့်နေ့မှစပြီး သတင်းအစန တစ်ခုမှမရရှိ၍ စိုးရိမ်မှုများရှိနေကြောင်း အဆက်သွယ်ရရှိရန် ကြိုးစားလျက်ရှိကြောင်း ကိုအောင်ဝင်နိုင်၏ ဇနီးဖြစ်သူ မတွယ်တာစိုးမှ ပြောသည်။
“ဖမ်းသွားတဲ့နေ့ကစပြီး ဘာအဆက်အသွယ်မှ မရပါဘူး၊၊ ဘာတွေဖြစ်နေမလဲလို့တွေးပြီး အရမ်းစိုးရိမ်နေပါတယ်၊၊ သူ့ကို တပ်ထဲမှာ ဖမ်းထားတယ်ဆိုတာလောက်ဘဲ စုံးစမ်း လို့သိရတာပါ။ တစ်ခြားဘာသတင်းမှမရပါဘူး။ သွားမေးတော့လည်း မရှိဘူးပြောပါတယ်။ အဲဒီတပ်ထဲမှာ ဖမ်းထား တာကတော့သေချာပါတယ်” ဟုဆိုသည်။
အဆိုပါ ပရဟိတလူငယ်များမှာ ဇွန်လ ၅ ရက်နေ့၌ သံတွဲသို့သွားရာလမ်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး တောင်ကုတ် မြို့ရှိ တပ်ရင်းခမရ ၃၄၆ တွင် ထိန်းသိမ်းခံထားရသည်ဟု မိသားစုဝင်များ၏ ပြောကြားချက်အရသိရသော်လည်း ယင်းဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ တပ်မတော်ဖက်မှ သီးခြားအတည်ပြုချက်မရရှိပေ။
တပ်ရင်းသို့ သွားပြီး စုံစမ်းမေးမြန်းကြည့်ရာတွင်လည်း တပ်အတွင်းသို့ ဝင်ခွင့်မရကြောင်း ဂိတ်စောင့်ဖြင့်သာတွေ ခွင့်ရပြီး ပြန်လာခဲ့ရကြောင်း ကိုအောင်ဝင်းနိုင်နှင့်ဆွေမျိုးတော်စပ်သူ ကိုနေလင်းအောင်ကဆိုသည်။
“AA နဲ့ဆက်စပ်မှုရှိတယ်ဆိုပြီး ဖမ်းသွားတာလို့သိရတယ်။ ဖမ်းထားတယ်ဆိုတဲ့ တပ်ရင်းကို ကျနော်တို့ သွားစုံစမ်းတယ်။ တပ်ထဲဝင်ခွင့်မရဘူး ဂိတ်စောင့်နဲ့ပဲတွေ့ရတယ်၊၊ သူကတော့ အဲလိုဖမ်းထားတာမျိုးမရှိဘူးလို့ပြောတယ်။ ကျနော်တို့ နောက်ထပ်သွားစုံးစမ်းဖို့တော့ လုပ်ထားပါတယ်” ဟုဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအားဆက်သွယ်မေးမြန်းကြည့်ရာ ဖမ်းဆီးခံလူငယ်များမှာ AA နှင့်ဆက်စပ်မှုမရှိကြောင်း ပြောသည်။
“တောင်ကုတ်မှာ ဒီရက်ပိုင်းဖမ်းဆီးခံရတဲ့သူတွေကတော့ ကျတော်တို့နဲ့တော့ပတ်သက်မှုမရှိဘူးဗျ။ ကျနော်တို့သိ သလောက်ကတော့ ဒီလူတွေဟာ သာမန်လူမှုရေးကိစ္စ ပရဟိတလုပ်ငန်းတွေကိုပဲ လုပ်ဆောင်နေတဲ့ ပရဟိတသမားတွေ ဖြစ်တယ်လို့ ကျနော်တို့က အဲလိုပဲသိရပါတယ်” ဟုဆိုသည်။
ဖမ်းဆီးခံရသည့် သူများထဲတွင် မိုးပညာဒါန ပရဟိတကျောင်းမှ ဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင် တစ်ဦးကိုသာ အတည်ပြုနိုင်သေးပြီး ကျန်ဖမ်းဆီးခံရသည့်သူများမှာ မည်သူမည်ဝါဖြစ်သည်ကို ယခုထိစုံစမ်း၍ မရရှိသေးပေ။
https://www.facebook.com/westernnewsagency/posts/308889744250870