AA တပ်မှူးချုပ်၏ ညီဖြစ်သူအပါအဝင် ၈ ဦးအမှုတွင် လိုပြသက်သေရောက်ရှိသော်လည်း အမှုအား စစ်ဆေးမှုမရှိဘဲ ရုံးပြန်ချိန်း

By Western News/ 2021 June 2

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦး၏ အမှုအား ယနေ့ ဇွန် ၂ ရက်နေ့ ရုံးထုတ်ရာတွင် နောက်ဆုံးစစ်ဆေးရန်ကျန်ရှိနေသည့် လိုပြသက်သေရောက်ရှိသော်လည်း အမှုအားမစစ်ဆေးဘဲ ရုံးပြန်ချိန်းလိုက် ကြောင်းသိရသည်။

ယနေ့ရုံးချိန်းတွင် နောက်ဆုံးစစ်ဆေးရန်ကျန်ရှိသည့် လိုပြသက်သေ နည်းပညာကျွမ်းကျင်သူ ဒုရဲမှူး မင်းမင်းသူမှာ ယနေ့ တရားခွင်သို့ ရောက်ရှိသော်လည်း တရားလိုဖက်မှအမှုအား ရုပ်သိမ်းမည့်ကိစ္စများရှိနေ၍ မစစ်ခြင်းသာဖြစ်ကြောင်း အမှုအားလိုက်ပါဆောင်ရွက် ပေးနေသည့် ရှေ့နေဦးကျော်မျိုးထွန်းက ပြောသည်။

“ဒီနေ့တော့ ရုံးထုတ်ဖြစ်ပါတယ်။ ပြီးတော့ ဇွန်လ ၉ ရက်နေ့ကို ရုံးပြန်ချိန်းတယ်။ သက်သေလည်းရောက်တယ်။ ဒါပေမယ့် အမှုကိုတော့ စစ်ဆေးတာမရှိဘူး။ စစ်မယ်ဆိုရင်စစ်လို့ရတဲ့အနေအထားရှိတယ်။ မစစ်ဆေးတာကတော့ တရားစွဲဆိုထားတဲ့တရားလိုဖက်က အမှုကိုရုပ်သိမ်းမယ့်ကိစ္စတွေဆောင်ရွက်နေလို့ မစစ်ဆေးတာဖြစ်တယ်လို့ ကျနော်ကတော့ နားလည်တယ်”ဟုပြောသည်။

ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးတို့မှာပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့က AA ကို ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် စင်္ကာပူအစိုးရက ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပြန်ပို့စဉ် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

AA တပ်မှူးချုပ် ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်အပါအဝင် အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးထိမ်းသိမ်းခံ ထားရသူများမှာ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ မောင်ပန်(ခ)ထွန်းအေးနှင့် ရွှေလှိုင်သန်းတို့ဖြစ်သည်။

ကိုအောင်မြတ်ကျော်အပါဝင် ၈ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)နှင့် ပုဒ်မ ၅၂ (က) တို့ဖြင့် ဒုရဲမှူးတင်ရွှေမှ တရားလိုပြုလုပ်ပြီး ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင်တရားရုံးတွင်တရားစွဲဆိုထားခြင်းဖြစ်သည်။ လက်ရှိတွင် ကိုအောင်မြတ်ကျော် အပါအဝင် ၈ ဦးအား အင်းစိန်ထောင်တွင်ဆက်လက်ထိန်းသိမ်းထားသည်။

https://www.facebook.com/westernnewsagency/posts/302540264885818

Leave a Reply

Your email address will not be published.