By BNI Multimedia Group/ 2021 June 4

အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော် အပါအဝင် ၈ ဦးအမှုကို တရားလိုပြုလုပ်သည့် ရဲမှူးတင့်ရွှေက ရုပ်သိမ်းလိုက်ပြီဖြစ်သော်လည်း ယနေ့တရားရုံးချိန်းတွင် သူတို့အား လွှတ်ပေးခဲ့ခြင်းမရှိဘဲ ဇွန် ၉ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း သိရှိရသည်။
၎င်းပြင် ယနေ့နံနက် ၁၁ နာရီကျော်အချိန်က ၎င်းတို့ ၈ ဦးအား အနောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း အမှုကို ရုပ်သိမ်းရန်ရှိနေသည့်အတွက် တရားလိုပြသက်သေကို စစ်ဆေးခဲ့ခြင်းမရှိတော့ကြောင်း သတင်းရရှိသည်။
“တရားလိုပြသက်သေ ရဲမှူးမင်းမင်းသူ ဒီကနေ့ တရားရုံးကို ရောက်ပါတယ်။ ဒါပေမယ့် အမှုကို ရုပ်သိမ်းရန်ရှိတဲ့အတွက် အမှုကို ဆက်လက် စစ်ဆေးမှု မရှိတော့ပါဘူး။ ဒီလ ၉ ရက်နေ့ကို ထပ်မံရုံးချိန်းပေးလိုက်ပါတယ်” ဟု သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးကျော်မျိုးထွန်းက ပြောသည်။
ယနေ့တရားခွင်တွင် တရားလိုပြသက်သေ ရဲမှူးမင်းမင်းသူအား တရားသူကြီးက စစ်ဆေးမေးမြန်းမရှိတော့ဘဲ တရားခွင်သို့ရောက်ရှိလာသည့် ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးကိုသာ စကားအနည်းငယ်ပြောကာ (၁၅) မိနစ်ခန့်အကြာတွင် တရားခွင်ကို ရုပ်သိမ်းခဲ့သည်။
ကိုအောင်မြတ်ကျော်အပါအဝင် ဖမ်းဆီးခံထားရသူ ၈ ဦးစလုံး ယနေ့လွတ်လာလိမ့်မည်ဟု မျှော်လင့်ထားကြသဖြင့် မိသားစုများ စုံစုံညီညီ တရားရုံးသို့ ရောက်ရှိခဲ့ကြသည်။
“သူတို့ကို တရားစွဲဆိုထားတဲ့အမှုကို ရဲမှူးတင့်ရွှေက အမှုကို ရုပ်သိမ်းလိုက်ပါပြီ။ ကျန်နေတာက အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုက အမှုကို ရုပ်သိမ်းတဲ့ စာလာဖို့ဘဲလိုပါတယ်။ အဲဒီစာရောက်ရင် နောက်လာမယ့် ဇွန်လ ၉ ရက်နေ့မှာ လွတ်မြောက်နိုင်ပါတယ်” ဟု ဦးကျော်မျိုးထွန်းက နိရဉ္စရာသတင်းဌာနသို့ ဆက်လက်ပြောဆိုသည်။
၎င်းတို့ရှစ်ဦးကို ယင်းအချိန်က ရဲအထူးသတင်းတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရဲမှူးတင့်ရွှေက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နှင့် ပုဒ်မ ၅၂ (က) တို့ ဖြင့် တရားစွဲဆိုထားခဲ့ခြင်း ဖြစ်သည်။
ကိုအောင်မြတ်ကျော်၊ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ မောင်ပန် (ခ) ထွန်းအေးနှင့် ကိုရွှေလှိုင်သန်းတို့ ရှစ်ဦးစလုံးကို ယနေ့နံနက်က ရန်ကုန်အနောက်ပိုင်းတိုင်း ခရိုင်တရားရုံးကို ရုံးထုတ်လာပြီး အားလုံးကျန်းကျန်းမာမာရှိနေကြသည်ဟု သိရှိရသည်။
မအေးမြတ်မွန်က “အားလုံး ကျန်းကျန်းမာမာရှိပါတယ်။ ဒါပေမယ့် ထောင်ထဲမှာနေရတာ အရမ်းပင်ပန်းနေပါပြီ။ အမြန်ဆုံး လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ပြောကြားသည်။
ယနေ့တရားရုံးသို့ သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ဦးအောင်ကျော်စိန်၊ ရှေ့နေ ဦးကျော်မျိုးထွန်းတို့ တက်ရောက်ခဲ့သည်။
လာမည့် ဇွန် ၉ ရက်နေ့တွင် ကိုအောင်မြတ်ကျော်တို့ ၈ ဦးအပါအဝင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမဖြစ်သူတို့ကိုလည်း ရုံးထုတ်မည်ဖြစ်ကြောင်း ဦးအောင်ကျော်စိန်က ပြောကြားသည်။
ဦးအောင်မြတ်ကျော်အပါအဝင် ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များသည် စင်ကာပူနိုင်ငံတွင် နေထိုင်ကြသူများဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်နှင့် ၇ ရက်တို့တွင် စင်ကာပူပြည်ထဲရေးက ၎င်းတို့ကို နေအိမ်များတွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည်။
မြန်မာရဲတပ်ဖွဲ့မှ ၎င်းတို့ရှစ်ဦး မြန်မာသို့ပြန်ရောက်လာစဉ် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြင့် တရားစွဲဆိုခဲ့သည်။