By Western News/ 2021 June 25

နိုင်င်ငံတော်အကြည်ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် ဖမ်းဆီးတရားစွဲခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ဇွန်လ ၂၅ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ Video Comferencing ဖြင့်ရုံးထုတ်စစ်ဆေးခဲ့သည်။
ယနေ့ဇွန်လ ၂၅ ရက်နေ့ ရုံးချိန်းတွင် စွဲချက်တင်သင့်မတင်နှင့် ပတ်သက်ပြီးနှစ်ဖက်ရှေ့နေများ လျှောက်လဲချက်ပေးခဲ့ကြပြီး ဇူလိုင်လ ၉ ရက်နေ့တွင် စွဲချက်အမိန့်ချမည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးအောင်စစ်မင်းက Western News ကို ပြောသည်။
“ဒီနေ့ ရုံးချိန်မှာ စွဲချက်တင်သင့် မတင်သင့်ပတ်သက်ပြီးနှစ်ဖက်ရှေ့နေ့တွေက လျှောက်လဲချက်ပေးခဲ့ကြပါတယ်။ ဇူလိုင်လ ၉ ရက်နေ့မှာ ဦးညီပုကိုစွဲချက်အမိန့်ချသွားမှာပါ”ဟုပြောသည်။
ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည် တပ်မတော်က အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ပထမဆုံးအကြိမ် ထိန်းသိမ်းခံရပြီး နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။ ယင်းနောက် ဖေဖော်ဝါရီလ ၉ ရက်နေ့ကFacebookလူမှုကွန်ရက်ပေါ်တွင်“ပြည်သူသို့ပန်ကြားချက်”ခေါင်းစဉ်ဖြင့်စစ်အာဏာရှင်ကိုကန့်ကွတ်ကြောင်း ဗွီဒီယိုတင်ခဲ့သည်အတွက် ထပ်မံဖမ်းဆီးခံခဲ့ရသည်။
ဝန်ကြီးချုပ် ဦးညီပုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညနေပိုင်းအချိန်ကတပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က ပူပေါင်းကာနေအိမ်အတွင်း လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သိန်းကနိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဦးညီပုအမှုတွင် စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သိန်းကတရားလိုပြုလုပ်ပြီး လိုပြသက်သေတစ်ဦးဖြစ်ကြသည့် မကျဉ်းမြိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးသိန်းရွှေ၊ ဒုတိယဦးစီးမှှူးဦးဝင်းမောင်၊ ဦးမျိုးဇေယျာဝင်းနှင့် ဦးကျော်မင်းနိုင်တို့ဖြစ်ကြသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင်မြို့နယ်၅မြို့နယ်မှရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ၅ ဦး၊ အတွင်းရေးမှူးတစ်ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ NLD ပါတီဝင်၄ ဦး၊ ဒေသခံ၆ဦးစုစုပေါင်း၁၉ဦးဖမ်းဆီးထိန်းသိမ်းခံရပြီး ၎င်းတို့အထဲမှဦးညီပုမှလွဲ၍ ကျန်သောသူများအားအာဏာသိမ်းစစ်ကောင်စီကပြန်လည်လွှတ်ပေးခဲ့သည်။
https://www.facebook.com/westernnewsagency/posts/317167700089741