By Development Media Group (DMG)/ June 23

အုန်းသီးခွံနှင့်ပြုလုပ်နေသည့် အိမ်တွင်းအသုံးအဆောင်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းအချို့ကို ရခိုင်ပြည် သံတွဲမြို့နယ်အတွင်း ဖန်တီးလုပ်ကိုင်လျက်ရှိနေကြသည်။
အုန်းသီးခွံဖြင့် အသုံးအဆောင်ပစ္စည်းများကို ထုတ်လုပ်လာသည်မှာ သံတွမြို့နယ်အတွင်း ၂၀၀၆ ခုနှစ်မှစ၍ ဖန်တီးလုပ်ကိုင်လျက်ရှိကြပြီး ဒေသထွက်ကုန်အဖြစ် လူသိများကြသည်။
လက်ရှိတွင် အုန်းသီးခွံကနေ ထုတ်လုပ်ရရှိသော အသုံးအဆောင်ပစ္စည်းများထဲတွင် ရေနွေးအိုး၊ ရေခွက်၊ ဆွမ်းအိုး၊ မီးခွက်၊ ပန်းအိုး၊ ဇွန်း၊ သော့ချိတ်နှင့် အလှကုန်ပစ္စည်းများအဖြစ် မျောက်ရုပ်၊ နဂါးရုပ်များကိုလည်း ဖန်တီးပြုလုပ်လျက်ရှိကြောင်း သံတွဲမြို့နယ်မှ ဦးဝဏ္ဏမောင်က ပြောသည်။
“ အုန်းသီးနဲ့ပတ်သက်တဲ့ လက်မှုလုပ်ငန်းလုပ်တာမှာ နှစ်မျိုးရှိပါတယ်။ အသီးရဲ့ အတွင်းခွံ အမာသားနဲ့ လုပ်တာရှိသလို ဒီလိုအပြင်သားနဲ့လုပ်တဲ့ လက်မှုလုပ်ငန်းတစ်ခုရှိပါတယ်။ ဒီအပြင်သားနဲ့ ဘာလုပ်လဲဆိုတော့ နဂါးရုပ်တွေ၊ မျောက်ရုပ်ကလေးတွေ၊ ဇီးကွက်ရုပ်ကလေးတွေ၊ အလှပြ ရှိုးအတွက် ပစ္စည်းကလေးတွေ လုပ်တာရှိပါတယ်။ အမာသားနဲ့က ကော်ဖီဖျော်တဲ့ခွက်တော့၊ ရေမုတ်တော့၊ ဆေးလိပ်ပြာထည့်ခွက်၊ ပန်းအိုးလေးတွေ၊ ဖယောက်တိုင်ခွက်ကလေးတွေ၊ ပန်းကန်လေးတွေ စသဖြင့် လူသုံးကုန်ပစ္စည်းလေးတွေ ထုတ်လုပ်ပါတယ်။ ” ဟု ပြောသည်။
ရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်ပွားမှုများအပါအဝင် ကိုဗစ်ကပ်ရောဂါတို့ကြောင့် ခရီးသွားဝင်ရောက်မှုများ နည်းပါးခဲ့ပြီး အဆိုပါပစ္စည်းများမှာလည်း မရောင်ရသည်မှာ နှစ်နှစ်နီးပါးခန့် ရှိနေပြီဟု ထုတ်လုပ်သူများက ဆိုသည်။
ယင်းပစ္စည်းများရောင်းအားမြင့်လာရန်နှင့် လုပ်ငန်းများတွင်ကျယ်နိုင်ရန်အတွက် ဈေးကွက်တစ်ခု ဖော်ဆောင်ရန်လိုအပ်နေသည်။
ဦးဝဏ္ဏမောင်က “ ကုမ္ပဏီတစ်ခုက ဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုက ဖြစ်ဖြစ်၊ ဈေးကွက်မှာ ရောင်းဖို့ ထုတ်ပေးပါဆိုရင်တော့ ဦးလေးတို့က လုပ်လို့ရပါတယ်။ အထူးသဖြင့် အသက်အရွယ်ကြီးတဲ့သူတွေမှာ ဝင်ငွေရမယ့်နည်းလမ်းဖြစ်တယ်။ ဒီပစ္စည်းတွေက ခရီးသွားတွေကို ဦးတည်ထားတဲ့အတွက် ဒီကိုဗစ်ကာလာမှာ ခရီးသွားတွေ မရှိတဲ့အခါမှာ ဈေးကွက်က အရေးကြီးလာတယ်။ ဈေးကွက်တစ်ခုသာ ဖန်တီးပေးကြမယ်ဆိုရင်တော့ တော်တော်လေးအဆင်ပြေကြပါမယ်။ ” ဟု ပြောသည်။
အုန်းသီးခွံဖြင့်ပြုလုပ်သည့် အသုံးအဆောင်ပစ္စည်းများကို ယခင်က သံတွဲဒေသအတွင်းမှာ တွင်တွင်ကျယ်ကျယ် ပြုလုပ်ရောင်းချခဲ့သော်လည်း ဈေးကွက်ကောင်းကောင်းမရှိ၍ အသေးစားစီးပွားရေး တစ်ခုအဖြစ် အားထားလုပ်ကိုင်ရန် အခက်အခဲရှိနေကြခြင်းဖြစ်သည်။
https://www.facebook.com/dmgnewsagency/posts/2044539932365074