By Development Media Group (DMG)/ June 25
ပြည်တွင်းပြည်ပ သာသနာပြု အလိုတော်ပြည့်ဆရာတော်ကြီး၏ သက်တော် ၇၇ နှစ်ပြည့်မွေးနေ့တွင် ရခိုင်ကစစ်ဘေးရှောင်များနှင့် အခြေခံအလုပ်သမားဖြစ်သည့် အနှေးယာဉ်ဆိုက်ကားသမားများကို အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့သည်ဟု သိရသည်။
ဆရာတော်ကြီးမှာ အသက် (၂၀) တွင် ရဟန်းဖြစ်ခဲ့ပြီး လက်ရှိတွင် ဝါတော် (၅၇) ဝါရှိပြီဟု သိရသည်။
ဆရာတော်ကြီး၏ တပည့် အရှင်ကုမာရက “မွေးနေ့အထိမ်းအမှတ်အနေနဲ့ အဓိကလှူဖြစ်တာက ရန်ကုန်မှာရှိတဲ့ တာမွေအလိုတော်ပြည့်ကျောင်းမှာပေါ့နော်။ ဆရာတော်ကြီးရဲ့ မွေးနေ့လည်းဖြစ်၊အထိမ်းအမှတ်ဖြစ်တဲ့အတွက် မရှိဆင်းရဲသား ဆိုက်ကားသမားတွေကို အဓိက အခြေခံအစားအသောက်တွေ ဒီနေ့လှူဒါန်းဖြစ်တာပေါ့။ နောက်ပြီးတော့ ရခိုင်ကစစ်ဘေးရှောင်တွေအတွက်ပါ လှူဒါန်းဖို့ အဆင်သင့်လုပ်ထားပြီး။ ” ဟု မိန့်သည်။
ယနေ့ ရန်ကုန်မြို့တာမွေ (၄) မှာရှိသည့် ဆိုက်ကားသမားများ ၇၈ ဦးကို ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အားလူး၊ ကုလားပဲ၊ ငါး သေတ္တာ၊ ဆပ်ပြာ၊ ကြာဇံ ၊ အချိုရည်အချို့နှင့် အခြေခံစားသောက်ကုန်များကို လှူဒါန်းခဲ့သည်ဟု သိရသည်။ ယင်းအပြင် ခိုင်နှင်းဝေမိဘမဲ့ကလေးဂေဟာမှာလည်း ကလေးများကို ထမင်းနှစ်ထပ် ကျွေးမွေးခဲ့သည်ဟုသိရသည်။
စစ်တွေမြို့ရှိ ကျေးတောရွာမ စစ်ဘေးရှောင်စခန်းနှင့် ရွှေပြည်သာဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးသင့်ဒုက္ခသည်များကို အခြေခံစားသောက်ကုန်များ လှူဒါန်းသွားမည်ဟု သိရသည်။
အလိုတော်ပြည့်ဆရာတော်ကြီး တည်ထောင်ထားသော အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း (၄၃) ကျောင်းမှာလည်း ဆရာတော်၏ မွေးနေ့ဖြစ်သည့်အတွက် ဆုတောင်းပွဲများ၊ သံဃာများဆွမ်းခံလှူဒါန်းခြင်း ပြုလုပ်ခဲ့ကြသည်။
https://www.facebook.com/dmgnewsagency/posts/2045756932243374