အမ်းမှာ အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံထားရသူ လေးဦး လွတ်မြောက်

By RFA/ 2021 June 11

(အမ်းမြို့နယ် တရားရုံးမှာ ပိုးသတ်ဆေး ဖျန်းပက်နေသူတစ်ဦးကို တွေ့ရစဉ်)

■ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)နဲ့ တရားစွဲခံထားရတဲ့ အရပ်သား လေးဦးကို စစ်ကောင်စီကနေ အမှုရုပ်သိမ်းပြီး ဒီနေ့ အမ်းမြို့နယ် တရားရုံးကနေ လွတ်မြောက်လာတယ်လို့ အမှုလိုက် ရှေ့နေက RFA ကို ပြောပါတယ်။

အဲဒီအမှုကို ပြီးခဲ့တဲ့ မေလကတည်းက စစ်ကောင်စီကနေ အမှုရုပ်သိမ်းပေးဖို့တင်ပြလာတာဖြစ်ပြီး ဒီနေ့မှာ တရားရုံးကနေ ပြန်လွှတ်ပေးတာဖြစ်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေ ဦးနေလင်းအောင်က ပြောပါတယ်။

လွတ်မြောက်လာသူတွေဟာ အသက် ၃၀ ဝန်းကျင်တွေရှိကြတဲ့ အမ်းမြို့နယ် ခပေါင်းတောကျေးရွာက ဦးအောင်မိုးထွန်း၊ ဦးမောင်ကျော်၊ မြေပုံမြို့နယ် ကမ်းထောင်ကြီးမြို့က ဦးကျော်စိုးဝင်းနဲ့ ပေါက်တောမြို့နယ်က ဦးအောင်သိန်းထွန်းတို့ ဖြစ်ပါတယ်။

သူတို့ဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလက အမ်းမြို့နယ်မှာ စစ်တပ်က ဖမ်းဆီးတရားစွဲခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကကတည်းက ရက္ခိုင့်တပ်တော် (AA) နဲ့ တပ်မတော်တို့ကြား အပစ်အခတ်တွေ ရပ်စဲနေသလို ရက္ခိုင့်တပ်တော် (AA) ကိုလည်း ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က စစ်ကောင်စီကနေ အကြမ်းဖက်အုပ်စုအဖြစ်ကနေ ရုပ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီနောက် ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့သူ တချို့ကိုလည်း အမှုတွေကို ပြန်လည်ရုပ်သိမ်းပြီး လွှတ်ပေးခဲ့တာပါ။

မနေ့ကလည်း ရက္ခိုင့်တပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ မိသားစုတွေ အပါအဝင် အရပ်သား ၁၀ ဦးကို အမှုရုပ်သိမ်းပြီး ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် တရားရုံးကနေ လွှတ်ပေးခဲ့ပါတယ်။

https://www.facebook.com/rfaburmese/posts/10161153866933128

Leave a Reply

Your email address will not be published.