By Western News/ 2021 June 17
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်းမြောက်အုပ်စု၊ ရွာသာယာအနီး ခမရ ၃၇၃ တပ်ရင်း၏ မြောက်ဖက် ၁ မိုင်ခန့်အကွာတွင် အသုံးပြုရန်မသင့်သည့် လက်နက်ခဲယမ်းများကို ၂ ရက်ကြာ ဖောက်ခွဲဖျက်ဆီးမည်ဟု အမ်းမြို့ပေါ်ရှိ ရပ်ကွက် တချို့တွင် လိုက်လံကြေညာနေသည်။
အဆိုပါ လက်နက်ခဲယမ်းများဖောက်ခွဲမှုကို ဇွန်လ ၁၈ ရက်မှ ၁၉ ရက်နေ့ထိ နှစ်ရက်ကြာပြုလုပ်မည်ဖြစ်ပြီး ဖောက်ခွဲမှုပြုလုပ်မည့် ၂ ရက်တာအတွင်း နံနက် ၇ နာရီခွဲအချိန်မှ ညနေ ၄ နာရီခွဲအချိန်ထိ ယင်းအနီးတဝိုက်သို့ မသွားကြရန်လည်း ဒေသခံများကို ညွှန်ကြားထားကြောင်းသိရသည်။
အမ်းမြို့၊ အမှတ် ၃ ရပ်ကွက်တွင်နေထိုင်သည့် ကိုအုန်းချိုက “ဒီနေ့နံနက်ပိုင်းကတော့ ဈေးထဲမှာကြေညာနေတာ တွေ့ရတယ်။ ကျနော်သိသလောက်ဆိုရင်တော့ မနေ့က ၄ ရပ်ကွက်နဲ့ ၅ ရပ်ကွက်တို့မှာ လိုက်လံကြေညာနေတယ် လို့သိရတယ်။ ဒီနေ့မှ ဈေးထဲမှာကြေညာတာဖြစ်တယ်”ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး အမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဌေးအောင်အားဆက်သွယ်ရာတွင် အသုံးပြုရန် မသင့်သည့် လက်နက်ခဲယမ်းများကို ဖောက်ခွဲဖျက်ဆီးမည်ဆိုသည်မှာဟုတ်မှန်သော်လည်း အသေးစိတ်ကို သူမသိကြောင်း Western News ကို ပြောသည်။
ပြီးခဲ့သည့် မေလ ၁၇ ရက်ကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရှိ အမှတ် ၃၁ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲတွင် ခေတ်မီလက်နက်များကို ၂ ရက်ကြာ စမ်းသတ်ပစ်ခတ်မည်ဟု ကျေးရွာအုပ်စု ၁၀ ကျော်မှ ကျေးရွာစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌများထံ စာပို့ခဲ့သော်လည်း အဆိုပါ စမ်းသတ်ပစ်ခတ်မှုပြုလုပ်မည့်အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
https://www.facebook.com/westernnewsagency/posts/311892023950642