By Development Media Group (DMG)/ June 18

ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ ခမရ (၃၇၃) တပ်ရင်းအနီးတွင် သက်တမ်းကုန် လက်နက်ခဲယမ်းများ ဖောက်ခွဲဖျက်ဆီးရန် ဇွန်လ ၁၆ ရက်နေ့က ညွန်းကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ သက်တမ်းကုန်လက်နက်များကို ဖောက်ခွဲဖျက်ဆီးခြင်းသည် တပ်မတော်၏ လုပ်ထုံးလုပ်နည်းဖြစ်ပြီး ဒေသခံများအနေဖြင့် စိုးရိမ်စရာမရှိကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက DMG သို့ ပြောသည်။
“ သက်တမ်းကုန် လက်နက်ခဲယမ်းတွေကို ဖျက်ဆီးတာကတော့ ပုံမှန်အနေထားပါပဲ၊ ဘာမှ စိုးရိမ်စရာမရှိပါဘူး။ အန္တရာယ်မရှိပါဘူး၊ ဒါက လုပ်ထုံးလုပ်စဉ်လုပ်တဲ့အလုပ်ပါ။ လက်နက်ခဲယမ်းတွေရဲ့ စာရင်းတွေတော့ ကျနော်ဆီကို မရောက်လာသေးဘူး၊ ဒါပေမဲ့ စိုးရိမ်စရာမရှိပါဘူး။ ဒါက တပ်မတော်ရဲ့ လုပ်ထုံးလုပ်စဉ်ပါပဲ” ဟု ပြောဆိုသည်။
အဆိုပါ လက်နက်ခဲယမ်းများဖောက်ခွဲမှုကို ယနေ့ ဇွန်လ ၁၈ ရက်နှင့် ဇွန်လ ၁၉ ရက်နေ့ နံနက် ၇ နာရီမှ ညနေ့ ၄ နာရီအထိ ဖောက်ခွဲသွားမည်ဖြစ်ကြောင်း ညွန်းကြားခဲ့သည့်အတွက် ဒေသခံများမှာ စိုးရိမ်မှုများရှိနေကြသည်။
“ ကျနော်တို့ အမ်းမြို့ဆိုတာက အဓိက တပ်နယ်မြေဖြစ်တယ်။ တပ်မြို့ဖြစ်တဲ့အတွက်ကြောင့် အမ်းမြို့နယ်ဝန်ကျင်းမှာ အခုလို လက်နက်တွေဖောက်ခွဲမယ်ဆိုတော့ ပြည်သူလူထုတွေက အများကြီးကြောက်လန့်မှုတွေရှိတယ်။ အဓိက ပြည်သူလူထုကို ခြိမ်းခြောက်တဲ့ သဘောမျိုးသက်ရောက်တဲ့အတွက် ကျနော်တို့အနေနဲ့ စိုးရိမ်မှုတွေရှိတယ်” ဟု အမ်းမြို့ဒေသခံ ကိုမျိုးလွင်က ဆိုသည်။
ထိုသို့ သက်တမ်းကုန်လက်နက်ခဲယမ်းများ ဖောက်ခွဲဖျက်ဆီးနေခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်မှုများရှိကြောင်း ခမရ (၃၇၃) တပ်ရင်းနှင့် ၄ မိုင်းခန့်အကွာရှိ အမ်းမြို့နယ် ကမ်းသစ်ကျေးရွာမှ အမည်မဖော်လိုသူတစ်ဦးက DMG သို့ ပြောသည်။
“ ကျမတို့ စိုးရိမ်းတာကတော့ အခုလို လက်နက်ခဲယမ်းတွေ ဖောက်ခွဲနေချိန်မှာ အဲဒီနေရာမှာ မပေါက်ဘဲ ကျမတို့ ကျေးရွာသို့ ကျလာမှာကို အရမ်းစိုးရိမ်တယ်။ သူတို့ရဲ့ ပစ်မှတ်နေရာကို မရောက်ဘဲ လွဲချော်သွားမှာကို အရမ်းစိုးရိမ်တယ်” ဟု ဆိုသည်။
အမ်းမြို့၊ အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းချိုက “ ညွှန်ကြားချက်အရဆိုရင် အဲဒီလက်နက်ခဲယမ်းတွေကို ဒီနေ့ ၇ နာရီကနေ ည ၄ နာရီ ခွဲဖောက်သွားမယ်လို့ပါတယ်။ ကျနော်တို့ မြို့နဲ့ဆိုရင် နည်းနည်းအလှမ်းဝေးတော့ မကြားရဘူး။ အသိပေးတာကတော့ သူတို့ကို အန္တရာယ်မဖြစ်အောင် အဲဒီနေရာတွေမသွားဖို့ ညွှန်ကြားထားပါတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် မေလကလည်း မြောက်ဦးမြို့နယ်တွင် လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုများပြုလုပ်မည်ဟု ကျေးရွာတစ်ချို့ကို မြို့နယ်စစ်ကောင်စီမှ ညွှန်ကြားခဲ့သော်လည်း နောက်ပိုင်းတွင် ပျက်ပြယ်သွားခဲ့သည်ဟု သိရသည်။
https://www.facebook.com/dmgnewsagency/posts/2040925686059832