By Narinjara/ 2021 June 7
မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝစံပြကျေးရွာရှိ ရန်ကုန်-စစ်တွေကားလမ်းမ ဘေးဝဲယာတွင် Tabebuia (မြန်မာအခေါ် – တပေဘူတ)အမည်ရှိ ပန်းအလှနှင့် အရိပ်ရပင်များ စိုက်ပျိုးရန် စီစဉ်နေကြကြောင်း သိရသည်။
အဆိုပါအပင်များကို အပေါက်ဝရွာ၏ ရန်ကုန်-စစ်တွေကားလမ်းမရှိ ရွာအဝင်ဆိုင်းဘိုးမှ ပေ ၅ဝဝ ခန့်အကွာ ရထားလမ်းအထိ စိုက်ပျိုးသွားမည်ဟု ဦးဆောင်စိုက်ပျိုးမည့် အပေါက်ဝကျေးရွာမှ Oxygen သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ကိုထွန်းထွန်းက နိရဥ္စရာကို ပြောသည်။
“ကျနော်တို့က ဒီရန်ကုန်-စစ်တွေကားလမ်းဘေးမှာ အလှတစ်ခုလည်းဖြစ်သလို အရိပ်ရပင်လည်းဖြစ်တယ်ပေါ့လေ။ ဒီအပင်တွေ ဖြစ်ထွန်းလာလို့ တကယ့်ဖြစ်လာရင် ကျနော်တို့ရွာကိုလည်း လူတွေပိုပြီးသိလာမယ်။ ဓာတ်ပုံရိုက်ပြီး တင်ကြမယ်။ ဆိုတော့ ရွာကိုလည်း သိလာမယ်။ ဘယ်နားမှာလဲအပေါက်ဝဆိုတာ။ ပြီးတော့ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းမှုလည်းဖြစ်တယ်ဆိုတဲ့ အဲလိုရည်ရွယ်ချက်တွေနဲ့ပါ။ နောက်ပြီး ခေတ်အလိုက်လည်း လူငယ်တွေကြိုက်တဲ့ facebook ပေါ်တွေမှာ အလှဓာတ်ပုံတွေရိုက်လို့ရအောင် အဲဒါတွေလည်း ပါပါတယ်။”ဟု ဆိုသည်။
အဆိုပါအပင်မျိုးစိတ်သည် တောင်အမေရိကမျိုးစိတ်ဝင် အပူပိုင်းဒေသမျိုးရင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ရာသီဥတုနှင့်လည်း ကိုက်ညီ၍ စိုက်ပျိုးဖြစ်ထွန်းလာနိုင်မည်ဟု ကိုထွန်းထွန်းက ပြောသည်။
“လက်ရှိ မိတ္ထီလာတို့၊ မန္တလေးကျုံးဘေး မိတ္ထီလာကန်ဘောင်မှာ စိုက်လို့ ဖြစ်နေတယ်ဆိုတော့ ကျနော်တို့နဲ့လည်း ကိုက်မယ်ထင်ပါတယ်။”ဟု ဆိုသည်။
အဆိုပါအပင်များသည် တစ်နှစ်ခွဲကျော်အရွယ်ရောက်လာပါက ၇ ပေခန့်အထိ ကြီးထွားကာ ပန်းများစတင်ပွင့်တတ်သည်ဟု သိရသည်။ ပန်းပွင့်ချိန်ဆိုလျှင် အပင်တွင် အရွက်မရှိတော့ဘဲ ပန်းများဖြင့် လှပဝေဆာတတ်ပြီး အရိပ်လည်း ရစေသည်ဟု သိရသည်။
“ဒီလိုအပင်တွေစိုက်ပျိုးခြင်းအားဖြင့် ရွာရဲ့ ဂုဏ်ကျက်သရေလည်း တိုးစေပါတယ်။ အပင်ဆိုတာက သဘာဝပတ်ဝန်းကျင်ကိုအထောက်အကူပြုပါတယ်။ အခုလို လူငယ်ပိုင်းတွေက တက်တက် ကြွကြွလုပ်ဆောင်ပေးကြတဲ့အတွက် သူတို့စိတ်စေတနာကိုလည်း လေးစားဖို့ကောင်းပါတယ်။ ကျမလည်း ပူးပေါင်းပါဝင်စိုက်ပျိုးသွားပါ့မယ်။ Oxygen အဖွဲ့က လူငယ်တွေနဲ့အတူ အားလုံးပူပေါင်းပါဝင်ဆောင်ရွက်သွားကြဖို့ တိုက်တွန်းချင်ပါတယ်။”ဟု အပေါက်ဝရွာမှ လူငယ်အမျိုးသမီး မအေးမြတ်သိင်္ဂီထွန်းက ပြောသည်။
အဆိုပါအပင် ပျိုးပင်များကို ပခုက္ကူမြို့နယ်ဘက်မှ မှာယူကာ အကာအရံအခိုင်အမာဖြင့် စနစ်တကျ စိုက်ပျိုးသွားမည်ဟု Oxygen အဖွဲ့က ပြောသည်။
လက်ရှိတွင် ပျိုးပင်များဝယ်ယူနိုင်ရန် အလှူငွေများကို ဇွန်လ ၁၅ ရက်နေ့အထိ နောက်ဆုံးထား စုဆောင်းကောက်ယူနေပြီး ဇွန်လကုန်တွင် စတင်စိုက်ပျိုးမည်ဟု ဆိုသည်။ အပင်အရေအတွက် မည်မျှစိုက်ပျိုးနိုင်မည်ဆိုသည်မှာ အလှူငွေရရှိမှုအပေါ်မူတည်သည်ဟုလည်း ဆိုသည်။
https://www.facebook.com/narinjara.info/posts/4389216977757012