အထီးကျန်စာကြည့်တိုက်များ အသက်ဝင်လာချိန်

By Development Media Group (DMG)/ June 27

ဓါတ်ပုံ – စာလှီရမ္မာ – Mobile Library

(ဆောင်းပါး)

စာကြည့်တိုက်တွေအထီးကျန်ဆန်ခဲ့တာကြာခဲ့ပါပြီ။ စာကြည့်တိုက်တွေကို ကျွန်တော်တို့ တတွေ စိမ်းကားပစ်ပယ်ခဲ့တာများလှပါပြီ။ သူတို့ခမျာနံရံတွေနဲ့ တံခါးပေါက်စောင့် သော့ခလောက်သီးတွေကိုပဲ အဖော်ပြုခဲ့တာပင်ပန်းခဲ့လှပါပြီ။ စာဖတ်သူတွေကိုမျှော်ကိုးရတာ မောလှပါပြီ။ စာကြည့်တိုက်တွေရှေ့ကဖြတ်သွားတိုင်း စာကြည့်တိုက်တွေဟာ ကျွန်တော်တို့ကို ထောင်ပြတင်းဝက အပြစ်မဲ့အကျဉ်းသားတစ်ဦးလို ကြည့်နေခဲ့ပြီး အမေအဖေ ပြန်လာမယ့်အချိန် လမ်းသွယ်လေးကို စောင့်စားနေတဲ့ ကလေးတစ်ယောက်လိုမျှော်လင့်ခဲ့တာ ကြာခဲ့ပါပြီ။

အခုရက်ပိုင်း လူငယ်လေးတွေရဲ့  (မိုလ်ဘိုင်း လိုင်ဘရီ) ရွှေ့လျားစာကြည့်တိုက်လေးတွေနဲ့ မြို့တွေမှာ တစ်ဖန် အသက်ဝင်လာတာတွေ့လာရပါတယ်။ အထီးကျန်နေတဲ့ စာကြည့်တိုက်တွေဟာ အသက်မဲ့နေခဲ့ပြီး ရှင်သန်ခြင်းအတွက် တော်လှန်ရေးထက် လုပ်လာကြသလိုမျိုး မိုလ်ဘိုင်းစာကြည့်တိုက်တွေ အသက်ဝင်လာပါတယ်။ သူတို့အထီးကျန်ခြင်းမရှိစေဖို့ လူငယ်တွေထံ ချဉ်းကပ်ခံသလို လူငယ်တွေရဲ့ ဦးဆောင်မှုနဲ့ စာအုပ်တွေဖတ်ရှူဖို့ အခွင့်အရေးတွေတစ်ဖန်ပြန်လည်မွေးဖွားဖို့ အစပြုလာကြပါပြီ။ မှတ်မှတ်ရရ စစ်တွေမှာ ရွှေ့လျားစာကြည့်တိုက်ကို စတင်ခဲ့သူက အစ်မ သန္တာကျော်ဇော (ခ) မသန္တာနဲ့ အဖွဲ့ဝင်တွေပါ။ ၂၀၀၈ ခုနှစ်ဝန်းကျင်ကပင် Waterfall Mobile Library အမည်နဲ့ တနယ်တလျား စာကြည့်တိုက်တွေရွှေ့ပြောင်းဖွင့်လှစ်ခဲ့သလို နယ်တွေကစာကြည့်တိုက်တွေကို ဖြည့်စွတ်ကူညီပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့  Waterfall အဖွဲ့နဲ့အတူ စစ်တွေက Green Sittwe အဖွဲ့ကတော့ စာပီလီညှင်းချေ (စာပေလေညှင်း) အမည်ဖြင့် တဟုန်ထိုးအရှိန်မြင့်တက်လာပြီး စာပေချစ်သူများအတွက် ရှေးပြေးနေလေပြီ။

စစ်တွေလိုပဲ မြောက်ဦးက လူငယ်များဦးဆောင်နေတဲ့ စာပေဂါရီ (ဂါရီ = ကား) ကျောက်ဖြူမြို့က စာပေကမ်းခြေ၊ ဘူးသီးတောင်မြို့က စာပေဉယျာဉ်၊ ရသေ့တောင်မြို့က စာပီ ပလက်ဖောင်း၊  ပုဏ္ဏားကျွန်းမြို့က PNG Mobile Library၊ မင်းပြားမြို့က Mongbra Mobile Library တို့လိုပဲ ရမ်းဗြဲမြို့နဲ့ ကမ်းထောင့်ကြီးမြို့ က ရွှေ့လျားပုံစံမျိုးဖြင့် စာကြည့်တိုက်လေးတွေကိုဖန်တီးလာကြပါပြီ။ မြေပုံမြို့မှာလည်း လူငယ်တွေဦးဆောင်နေတဲ့ လူငယ်စာကြည့်တိုက်လေးကို‌တော့ ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းက ကိုယ်တိုင်ကိုယ်ကျရောက်ဖြစ်ခဲ့ပါသေးတယ်။ အင်တာနက်တွေပိတ်ထားချိန် စာအုပ်တွေကိုအဖော်ပြုနေကြတဲ့ လူငယ်လူရွယ်တွေတွေ့ခဲ့ရပါသေးတယ်။

တကယ်တော့ အထိုင်မဟုတ်ဘဲ ရွှေ့လျားလုပ်ရှားမှုတွေဟာ ခက်ခဲလွန်းပါတယ်။ လူငယ်တွေအဖို့ စာအုပ်တွေစုဆောင်းရပါတယ်၊ စာဖတ်သူတွေကို ဆွဲဆောင်ရပါတယ်၊ စာအုပ်အလူူရှင်တွေ ရှာဖွေရပါတယ်။ ရွှေ့လျားခြင်းနဲ့ ဆန့်ကျင်တဲ့ တသတ်မတ်လူတန်းစားများကို မြေလှန်ဖို့ စာဖတ်ထားတဲ့ ဦးနှောက်တွေကို သုံးရပါတယ်၊၊ စာလာဖတ်တဲ့သူတွေနဲ့ ကိုက်ညီနိုင်တဲ့ စာပေတွေကို ဖတ်ရှူနိုင်အောင်နည်းလမ်းရှာပေးရပါတယ်။ ဖန်တီးမှုအသစ်တွေရှာရပါတယ်။ စာဖတ်ချင်စိတ်ရှိသူတွေဖြစ်လာအောင် လုပ်ရတာကအခက်ခဲဆုံးအရာဖြစ်နိုင်ပြီး ရေရှည်ဆက်လက်ထိန်းကျောင်းဖို့အတွက် ပြင်ဆင်ထားကြရမှာပါ။

တနည်းအားဖြင့်ပြောရရင် ရွှေ့လျားစာကြည့်တိုက်ဆိုတာ ပြောက်ကျားစစ်ဆင်ရေး နည်းလမ်းတစ်ခုလိုပါပဲ။ ရန်သူကို လှည့်စားကာ တိုက်ခိုက်ရေးပြုသလိုမျိုး။ အခိုက်တန့်ကောင်းချိန်စောင့်ဆိုင်းကာ ချက်ကောင်းထိအောင်ပစ်နိုင်တဲ့ စနိုလ်ပါ လက်ဖြောင့်သမားတစ်ဦးလိုမျိုးပင် စာမဖတ်သေးတဲ့သူတွေ၊ စာဖတ်ချင်နေပေမယ့် မဖတ်ဖြစ်သေးတဲ့သူတွေ၊ စာဖတ်ပျင်းသူတွေ၊ စာဖတ်ချင်လွန်းသူတွေကို ပိုမိုစာဖတ်တတ်လာအောင် အကဲစမ်းလိုက်သလိုမျိုးပါပဲ။ စာဖတ်ချင်စိတ်တွေပိုရှိလာအောင် နှလုံးသားဗဟိုတည့်တည့်ကို ချိန်ပစ်နိုင်ဖို့အတွက် အားလုံးဝန်းရံ အားပေးဖို့လိုပါတယ်။
လူငယ်တွေကိုယ်တိုင်ဖန်တီးထားတဲ့ ရွှေ့လျားစာကြည့်တိုက်လေးတွေမှာ လူငယ်တွေရော၊ လူကြီးတွေ့ဆုံကြပါမယ်။ စာအုပ်တွေဖတ်ကြမယ်။ ဖတ်ထားတဲ့စာအုပ်အကြောင်းလေးတွေကို မျှဝေပါမယ်။ ကော်ဖီသောက်ယင်း စာဖတ်ကြမယ်။ ကဗျာရွတ်ဆိုကြမယ်။ ဉာဏ်စမ်း မေးခွန်းလေးတယ်ဖြေဆိုကြမယ်။ ‌နံရံကပ်စာစောင်လေးတွေရေးကြပါမယ်။ ကဗျာဆရာတွေ၊ စာရေးဆရာတွေနဲ့ ထိုင်စကားပြောကြမယ်။ စာပေရဲ့လေးနက်မှုအကြောင်းအရာလေးတွေကို ရင်ဖွင့်ကြပါမယ်။ စာဖတ်ချင်တဲ့သူတွေ ပိုများလာအောင်ဖန်တီးကြပါမယ်။ ဘယ်ပါတီဝင်၊ ဘယ်ဘာသာဝင်၊ဘယ်လူမျိုးပင်ဖြစ်ဖြစ် အားလုံးတက်ရောက်ခွင့်ရှိတဲ့ သုတဘဏ်တိုက်တွေတည်ဆောက်ကြရမှာပါ။ ရွှေ့လျားစာကြည့်တိုက်အဆင့်နဲ့ ကျေနပ်မနေဘဲ နိုင်ငံတော်အဆင့် စာကြည့်တိုက်ကြီးတွေလုပ်ချင်တဲ့လူငယ်တွေရဲ့ အိမ်မက်လေးတွေကို အသက်ဝင်အောင် မက်ခွင့်ပေးဖို့လိုအပ်ပါတယ်။

လူငယ်လေးတွေဟာ ရွှေ့လျားစာကြည့်တိုက်ဖန်တီးရတယ်ဆိုတာ နဂိုရှိရင်းစွဲ စာကြည့်တိုက်တွေအသက်မဝင်တော့လို့ စာဖတ်သူတွေနည်းသွားလို့ စာဖတ်လာသူတွေပိုများလာအောင် ပရိုမိုးချန်း လုပ်နေကြတာဖြစ်ပါတယ်။ ဒေသတစ်ခု နိုင်ငံတစ်ခုလူမျိုးတစ်မျိုး ဆိုတာ စာပေ၊ ဂန္တဝင်ဂီတ၊ ယာဉ်ကျေးမှုစာရိုက်လက္ခဏာ ကိုယ်ပိုင်ထင်ရှားရှိတဲ့ ဂုဏ်ပုဒ်တွေနဲ့ တည်ဆောက်ထားသလိုမျိုးပါပဲ။ ရှေးခေတ်ကာလတစ်ခုက အာရက္ခပြည်ထဲစာပေ၊ ဂန္တဝင်ထွန်းကားမှုတွေကို ခေတ်ဟောင်းကျန်သမိုင်းလက်ရာတွေက သက်သေပြနေပါတယ်။

ကမ္ဘာမှာဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေကိုကြည့်ရင် စာဖတ်စာရေးကြာတာတွေကို စစ်စစ်မတ်မတ်လုပ်ကိုင်ကြသည့်နိုင်ငံတွေချည်းပါပဲ။ ချမ်းသာသူရော ဆင်းရဲသူတွေရော စာပေကို ပစ်ပယ်ထားလေ့မရှိသလို စာရေးသူတွေကိုလည်း အသိမှတ်ပြုတတ်ကြပါတယ်။ နည်းပညာအဆင့်မြင့်လေလေ စာဖတ်သူတွေများလေလေနှင့် သုံးစွဲစရာလူမှုကွန်ယက် အွန်လိုင်းချိတ်ဆက်မှုတွေ ဘယ်လောက်များနေပေမယ့်လည်း စာပေဖတ်ရှုကြသူလျော့ကျမသွားအောင် အစိုးရရောမိဘပြည်သူတွေရော ဝိုင်းကူကြပါတယ်။ စာဖတ်သူတွေများလာလေလေ အတွေးအခေါ်ရင့်သန်လေလေဖြစ်ပြီး ဗဟုသုတ၊ ရသခံစားချက်တွေ ရှင်သန်မြင့်မားလာလေဖြစ်ပါတယ်။

စာရေးသူ  ၂၀၁၆ ခုနှစ်မတ်လဆန်းလောက်က ဂျပန်နိုင်ငံ အလည်အပတ်သွားရင်း တိုကျိုမြို့ ဆန်ဒိုင်းက Sendai Mediatheque Media, Art and Library ဆိုတဲ့ နေရာလေးကိုသွားလေ့လာခွင့်ကြုံခဲ့ပါတယ်။ ခမ်းနားကြီးကျယ်လှတဲ့ မီဒီယာ၊ အနုပညာ နဲ့ စာကြည့်တိုက် ပေါင်းစည်းထားတဲ့ အဆောက်အအုံထဲမှာ စာဖတ်နေကြတဲ့ ဂျပန်လူမျိုးတွေကို ကြည့်ရင်း အင်မတန်အားကျမိခဲ့ပါတယ်။ ဂျပန်ဆိုတာ အလုပ်မလုပ်ရင် ထမင်းငတ်ကြတဲ့ နိုင်ငံဖြစ်ပြီး၊ ကမ္ဘာပေါ်မှာ အလုပ်ချိန်အများဆုံး အလုပ်နိုင်ဆုံးလူမျိုးတွေဖြစ်ပါတယ်၊၊ ဒါ့အပြင် နည်းပညာပေါင်းများစွာကို ဖန်တီးထုတ်လုပ်နိုင်တဲ့ ဂျပန်လူမျိုးဖြစ်ရတဲ့ ကြားထဲက စာအုပ်စာပေတွေကို ဖတ်ရှုလေ့လာဖို့ အချိန်တွေရှိနေကြတာက အံ့အားသင့်စေပါတယ်။ အချိန်တွေကိုလုယူရင်း ပြေးလွှားနေကြတဲ့ ဂျပန်လိုနိုင်ငံက စာကြည့်တိုက်ထဲမှာ လူကြီးလူငယ်ကလေးတွေ ကိုယ့်နေရာနဲ့ကိုယ် သီးသန့်ထိုင်ပြီး စာဖတ်နေကြတဲ့ မြင်ကွင်းလေးကတော့ စာကြည့်တိုက်တွေဟာ နွားတင်းကုန်း သာသာဖြစ်နေတဲ့ ကိုယ်တွေဆီမှာ ဘယ်ခါများဖြစ်နိုင်မလဲဆိုတဲ့ အသိတွေနဲ့ စိတ်ကူးမိခဲ့တာကို သတိရပါသေးတယ်။

အဲသလိုပဲ ဖီလစ်ပိုင်နိုင်ငံ မနီလာမြို့လယ်က ရှေးအကျဆုံး တက္ကသိုလ်တစ်ခုဖြစ်တဲ့ ဆန်တိုသောမတ်စ် (Santo Thomas University) ကိုလည်း လေ့လာရေးကိစ္စတစ်ခုနဲ့  ၂၀၁၅ ခုနှစ် အောက်တိုဘာလထဲမှာ ရောက်ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ထဲ စာအုပ်တွေနဲ့ သုတေသနရှာဖွေမှုတွေပြုလုပ်နေကြတဲ့ သူတွေ၊ စာဖတ်နေကြတဲ့ ကျောင်းသားကျောင်းသူတွေကိုမြင်ရတော့ အင်မတန်ကြည်နူးရပါတယ်။ တစ်ဖက်မှာလည်း အင်မတန် ဝမ်းနည်းရတဲ့ ခံစားချက်လေးတွေလည်း ဖြစ်ပေါ်လာပြီး ငါတို့ဆီက တက္ကသိုလ်ကျောင်းသားလေးတွေ နိုင်ငံရေးအမှုတွေနဲ့ အဖမ်းခံရတဲ့ မြင်ကွင်းတွေကိုရော မြင်ယောင်လာပါတယ်။ နိုင်ငံခေါင်းဆောင်နိုင်မယ့် ကျောင်းသားလူငယ်တွေ ယုံကြည်မှုကြောင့် အကျဉ်းကျခံရသည်မျိုးက အခုထိမပြီးဆုံးသေးပါဘူး။ အသိဉာဏ်ပညာဆင်ခြင်မှု တိုးပွါးနိုင်သူတွေဖြစ်အောင်၊ လူသားပီသသူတွေများပြားလာအောင် စာအုပ်စာပေတွေနဲ့ စာကြည့်တိုက်က အရေးပါကြောင်းနိုင်ငံတကာက သက်သေပြနေချိန် ကျွန်တော်တို့ဖက်ခြမ်းနဲ့ ကွာခြားလွန်းပါတယ်။

လေ့လာမိသလောက် စစ်တွေမြို့မှာ စာကြည့်တိုက်တွေ စတင်ထွန်းကားချိန်တွေဟာ ၁၉၇၀ ဝန်းကျင်လောက်ကဖြစ်တယ်လို့ ဝါရင့် စာရေးဆရာတွေကပြောပါတယ်။ ဆင်ကူးလမ်း၊ ရွာကြီးတောင်၊ အိုးတန်း၊ လမ်းသစ် စတဲ့ ရပ်ကွက်တွေမှာ လူငယ်တွေစာဖတ်တဲ့ အလေ့ကောင်းတွေရှိနေတဲ့ တစ်ခေတ်တော့ ရှိခဲ့သလို ၈၈ ခုနှစ်နောက်ပိုင်း စာကြည့်တိုက်တွေ မြုံသွားတယ်လို့ဆိုပါတယ်။ အစိုးရစာသင်ကျောင်းကြီးတွေမှာ စာကြည့်ခန်းတွေရှိခဲ့ပေမယ့် ပေါ်ပင်အဆင့်သာဖြစ်ခဲ့ပြီး တကယ်တမ်း အလုပ်မဖြစ်ခဲ့ပါဘူး။  လက်တွေ့မှာ လွတ်လပ်စွာရေးသားထုတ်ဝေခွင့်တို့ လွတ်လပ်စွာပြောဆိုခွင့်တို့ဆိုတာ စာဖတ်သူတွေလက်လှမ်းမမီအောင် ကန့်သတ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး စာဖတ်သူတွေ လုံးပါး ပါးခဲ့ရတဲ့ အမှောင်ခေတ်တွေလည်းရှိခဲ့ပါတယ်။

စာရေးသူတွေ၊စာဖတ်သူတွေဟာ ဆင်းရဲနိမ့်ပါးလွန်းတဲ့ အခြေအနေအတစ်ရပ်ကြောင့် မိသားစုစားဝတ်နေရေးတွေကို အလေးပေးရင်း စာအုပ်စာပေတွေ၊ စာကြည့်တိုက်တွေနဲ့ တဖြည်းဖြည်း ကင်းကွာခဲ့ရပါတယ်။ အွန်လိုင်းလူမှုမီဒီယာ ရေစီးကြောင်းနဲ့ မျောပါခဲ့ကြပြီး အတွေးအခေါ်ရင့်ကျက်ဖို့ စာပေတွေဖတ်ရှူကြတာ နည်းပါးသွားတာကိုတော့ ငြင်းလို့မရပါဘူး။ တစ်ဖက်မှာလည်း ဆယ်စုနှစ်တစ်ခုကျော်လောက် စစ်ပွဲတွေ၊ ‌လူမျိုးရေးပဋိပက္ခတွေ၊ သဘာဝဘေးဒဏ်တွေ၊ ကပ်ရောဂါတွေ၊ စီးပွါးရေးကျပ်တည်းမှုတွေနဲ့ပဲ ရုန်းကန်နေခဲ့ရတဲ့ ရခိုင်‌ဒေသဟာ စာပေအတွက် တကူးတက အချိန်ပေးဖို့ မဖြစ်နိုင်ကြတော့ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်တာကာလမှာ လက်နက်ကြီးကျပေါက်ကွဲခဲ့ပြီး ရွာလုံးကျွတ်မီးရှိူးခံရတဲ့အထဲမှာ ပြာကျသွားတဲ့အထဲ စာကြည့်တိုက်တွေလည်းပါဝင်ခဲ့ပါတယ်။
စာကြည့်တိုက်တွေ အသက်မဝင်တာ၊ စာဖတ်အားလျော့ကျသွားတဲ့ ပတ်ဝန်းကျင်တွေ ဖြစ်သွားခဲ့ရတဲ့ အကြောင်းရင်းတွေ များစွာရှိနေပါတယ်။ အဲသည်ထဲက မပြောမဖြစ်တာတွေကိုလည်း ပြောပြချင်ပါသေးတယ်။

ခေတ်အဆက်ဆက် တချို့သော စာပေရေးသားသူတွေ၊ စာကြည့်တိုက်ဦးဆောင်သူတွေ ကိုယ်တိုင်က သဘောထားမကြီးနိုင်ဘဲ ရုပ်ရှင်ထဲက တရုတ်သိုင်းလောကသားတွေလို  ဂိုဏ်းတွေလို အကွဲကွဲအပြဲပြဲနှင့် စာဖတ်သူများလာအောင် ပတ်ဝန်းကျင်မဖန်တီးနိုင်ဘဲ ကိုယ့်တွေအချင်းချင်းတိုက်ခတ်ကြတဲ့ ပုံစံတွေကိုလည်း ခေါက်ရိုးကျိုး မဖြစ်အောင်တွန်းထုတ်ဖို့ ကျွန်တော်တို့အားလုံး သဘောထားကြီးပြဖို့လိုပါတယ်။ ဒါ့အပြင် ဒေသထွက်မဂ္ဂဇင်းတွေမှာ ဘာစာတစ်လုံးမှရေးဖူးတာလည်းမဟုတ်ဘဲနဲ့ နေရင်းထိုင်ရင်း ဉရောဇဉ် ဝင်ရေးတတ်တဲ့ သူတွေရဲ့ စာမျက်နှာတွေကိုလည်းခေါက်ချန်ဖို့လိုအပ်လာပါပြီ။

ကျွန်တော် ဆယ်တန်းအောင်တဲ့ ၂၀၀၃ ခုနှစ်ဝန်းကျင်လောက်က အင်္ဂလိပ်စာလေ့လာရင်း စစ်တွေမြို့ထဲက ဗြီတိသျှကောင်စီက ဖွင့်လှစ်ထားတဲ့ Millennium Center ဆိုတဲ့ အင်္ဂလိပ်စာအုပ်ကောင်းလေးတွေကို ဖတ်ရှူငှါးရမ်းနိုင်တဲ့ Self-Access Center နေရာလေးတစ်ခုရှိခဲ့ပါတယ်။ အမှောင်ခေတ်ထဲမှာ အင်္ဂလိပ်စာအုပ်လေး တစ်အုပ်ဖွင့်ခွင့်ကြုံမယ်ဆိုတာ နည်းတဲ့အခွင့်အရေးမဟုတ်ပါဘူး။ ဒါပေမယ့် စာအုပ်လေးတွေဝေဆာနေပြီး လူငယ်တွေဖတ်ရှူနိုင်မယ့် အခြေအနေတစ်ခုဟာ မြို့လယ်ခေါင်မှာ စီမံခန့်ခွဲဖို့ လိုအပ်ချက်၊ အားနည်းချက်တွေကြောင့် အချိန်မတိုင်ခင် မှေးမီသွားရှာပါတယ်။ အခုတော့ ရွှေစေတီဆရာတော်ဘုရားကောင်းမှုနဲ့ ရွှေစေတီကျောင်းတိုက်မှာ ထပ်မံဖွင့်ထားပါတယ်။

တကယ်တော့ သူများမလုပ်နိုင်တဲ့အရာတွေဖြစ်တဲ့ စာပေတွေရေးသားကြသူတွေ၊ စာကြည့်တိုက်လေးတွေထောင်တဲ့သူတွေမှာ (Sense of Ownership) ကိုယ်ပိုင်ခံယူမှု စိတ်ထားတွေဟာ လွန်ကဲသွားကြပြီး ပေါ်ပင်သက်သက်နှင့် နောက်ဆုံးတော့ ဘာမှအဖတ်မတင်တဲ့ ရလဒ်တွေမထွက်ပေါ်ဖို့ အတိတ်က မအောင်မြင်ခဲ့တဲ့ အကြောင်းအရာတွေကိုလည်း သင်ခန်းစာယူကြဖို့ တိုက်တွန်းချင်ပါတယ်။ တစ်ဆက်တည်းပြောချင်နေတာလည်းရှိပါသေးတယ်။ မိဘအုပ်ထိန်းသူတွေ၊ စာသင်ပေးတဲ့ ဆရာ/မတွေ ကိုယ်တိုင်က စာအုပ်စာပေမဖတ်ဖြစ်ဘဲ လူမှုကွန်ယက်စွဲလန်းနေကြပြီး ကိုယ့်သားသမီး တပည့်လေးတွေကို ဖုန်းသုံးစွဲမှုမလွန်ကဲအောင် ပြောပြဖို့ဆိုတာ လက်တွေ့မှာ အရေးကြီးတဲ့ အနေအထားရောက်ပါပြီ။ လူမှုကွန်ယက်မီဒီယာနှင့် ဖုန်းသုံးစွဲတာတွေများပြီး စာပေဖတ်ရှူလေ့လာချင်တဲ့ စိတ်တွေများပြားလာအောင် အားလုံးဝိုင်းဝန်းဖို့အရေးကြီးပါတယ်။ အခု နောက်ပိုင်းမှာ ဦးနှောက်တွေကိုသာကြီးအောင်လုပ်ပြီး နှလုံးသားတွေမရင့်ကျက်တဲ့သူတွေ ကျွန်တော်တို့ပတ်ဝန်းကျင်တွေမှာ ပိုမများလာအောင် အားလုံးစာပေဖတ်ရှူကြဖို့လိုအပ်လာပါပြီ။ ခေတ်တစ်ခေတ်၊ ဝန်းကျင်နယ်ပယ်သစ် တစ်ခုထူထောင်ဖို့ စာကြည့်တိုက်တွေရှင်သန်ပြီး စာဖတ်သူတွေများလာဖို့ မဖြစ်မနေလိုပါနေပါပြီ။

တကယ်တော့ ရခိုင်ပြည်ထဲမှာ စာအုပ်စာပေတွေဖတ်ဖြစ်အောင်နဲ့ စာကြည့်တိုက်တွေဖွံ့ဖြိုးလာအောင် တစ်ပိုင်တစ်နိုင်လုပ်ရှားမှုတွေလည်း ၂၀၁၀ ခုနှစ် နောက်ပိုင်းမှာ ခပ်စိပ်စိပ်ရှိခဲ့ပြီးသားပါ။ စာအုပ်စာပေတွေ လှူဒါန်းမှုတွေ၊ ပရဟိတအခြေပြုလုပ်ကိုင်သူတွေနဲ့ စာရေးဆရာတွေကိုယ်တိုင် ဦးဆောင်ပြီး စာအုပ်လှူဒါန်းကြတာတွေရှိနေဆဲပါပဲ။ နေအိမ်အခြေပြု စာကြည့်ခန်းလေးတွေကိုယ်စီရှိကြတဲ့သူတွေလည်း ကျန်နေပါသေးတယ်။ ကျွန်တော်သတင်းထောက်လောကထဲ ဝင်ရောက်လာခဲ့တဲ့ ၂၀၀၇ ခုနှစ် နောက်ပိုင်းမှာ  ဂျာနယ်တိုက်တွေက လက်ဆောင်တွေရတဲ့ ဂျာနယ်တွေကို စုဆောင်းပြီး အိမ်ဘေးနားက ဦးလေးတစ်ယောက်အကူအညီနဲ့ ရပ်ကွက်ထဲက ကင်းရုံ (ဇရပ်) စာဖတ်ရုံလေးတွေ ဖန်တီးပြလိုက်တော့ စာဖတ်သူ စိတ်ဝင်စားသူများလာကြပါတယ်။ အရင်က တေလေကျမ်းပိုးတွေနေထိုင်ခဲ့တဲ့ ကင်းရုံ(ဇရပ်) တွေမှာ စာအုပ်စာစောင်တွေနဲ့ စာဖတ်သူတွေ အစားထိုးလာကြတာလည်းဖြစ်ပါတယ်။ ဒီလိုမျိုးရပ်ရွာစာဖတ်ဝိုင်းတွေ တဆင့်ပြန်လည်သက်ဝင်ဖို့ ဦးဆောင်ခဲ့တဲ့နေရာကတော့ စစ်တွေမြို့ ဖိုးသာရွာ ရထားသံလမ်းအနီး ညောင်ညိုပင်အောက်က ‘ပွင့်လင်း’ စာကြည့်ဝိုင်းလေးဖြစ်ပါတယ်။ အခုဆိုရင် မြို့နယ်ကျေးရွာတွေမှာလည်း အလားတူစာဖတ်ဝိုင်းမျိုး တဖြည်းဖြည်းတွေ့လာရပါပြီ။

တကယ်တော့စာကြည့်တိုက်တွေဆိုတာ သုတဘဏ်တွေဖြစ်ပြီးလူမျိုးနိုင်ငံဝန်းကျင်ကောင်းဖို့ အခြေခံဖောင်ဒေးရှင်းတွေဖြစ်ပါတယ်။ စာအုပ်စာပေဖတ်ရှူပြီး နောင်အနာဂတ်အားထားရမယ့် လူတွေဦးဆောင်မယ့် လူတွေနဲ့ ဝိုင်းရံပေးမယ့်လူတော်လူကောင်းတွေ စဉ်ဆက်မပြတ်မွေးထုတ်ဖို့ အရင်းအမြစ်စင်တာတွေပဲဖြစ်ပါတယ်။ ကောင်းသောပြောင်းလဲခြင်းမျိုးအတွက် နောက်ကျတယ်ဆိုတာမရှိပါဘူး။ လူမျိုးတစ်မျိုးရဲ့ ပြယုဒ် စရိုက်လက္ခဏာကောင်းတွေ အမြဲတမ်းထုံသင်းနေဖို့ အတွက် အထီးကျန်ဆန်နေတဲ့ စာကြည့်တိုက်တွေပြန်လည်နိုးထအောင် အသက်သွင်းကြပါစို့လား။

အောင်လင်းဟိန်း (SKY) 21.6.2021

https://www.facebook.com/dmgnewsagency/posts/2047959405356460

Leave a Reply

Your email address will not be published.