By Narinjara/ 2021 June 9
သျှင်မင်းဇံ၊အောင်လင်းထွန်း
အခုလွတ်မြောက်လာခြင်းဟာ အကောင်းဆုံးအဖြေတစ်ခုမဟုတ်သေးဘူးလို့ AA စစ်ဦးစီးချုပ်ရဲ့ညီ ကိုအောင်မြတ်ကျော်က ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ညနေပိုင်းက ရန်ကုန်ကနေတဆင့် စစ်တွေကို လေကြောင်းခရီးနဲ့ရောက်ရှိလာချိန် စစ်တွေလေဆိပ်မှာ မီဒီယာတွေကိုပြောဆိုသွားတာဖြစ်ပါတယ်။
ကိုအောင်မြတ်ကျော် (AA စစ်ဦးစီးချုပ်ရဲ့ညီ)
“ဒီနေ့ လွတ်လာတာက ပြီးပြည့်စုံမှု တစ်ခုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်။ အခုဖြစ်တဲ့ကိစ္စတွေကတော့ ခရီးသွားရင် အတက်အကျတွေလည်း ရှိတာပါပဲ။ ကျွန်တော်တို့နဲ့လည်း မပြီးသေးဘူး။ အထဲမှာ အများကြီးကျန်နေသေးတယ်။ လောလောဆယ် ဖြစ်နေတာတွေကို အပြုသဘောနဲ့ သုံးသပ်တယ်။ ပုဂ္ဂိုလ်ရေး အမုန်းတရားအနေနဲ့ ဘာမှမရှိဘူး။ ကျွန်တော်တို့ လွတ်လာတာဟာ အကောင်းဆုံးအဖြေတစ်ခုတော့ မဟုတ်သေး။ လွတ်ဖို့ ထိုက်တန်တဲ့ မတရားဖမ်းဆီးထားတဲ့ လူငယ်တွေ အများကြီး ရှိပါတယ်။ အဲဒါတွေကိုဆက်ပြီးတော့ နှစ်ဘက် တာဝန်ရှိသူတွေကို မြန်မြန်ဆန်ဆန်နဲ့ မြန်မာနိုင်ငံအရေးကို ရှေ့ဆက်ပြီးတော့ အရှိန်အဟုန်နဲ့ ကောင်းအောင်သွားနိုင်ဖို့ဘက်ကို ဦးတည်ပြီးတော့ ပိုပြီးကြိုးစားပေးဖို့လို့ မျှော်လင့်ပါတယ်။ ကျန်အပိုင်းတွေကတော့ ကျွန်တော်တို့မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်။”
ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီဖြစ်သူ ကိုအောင်မြတ်ကျော်နဲ့ ညီမဖြစ်သူ မယမင်းမြတ် (ခ) မမိုးနှင်းဖြူအပါအဝင် ၁ဝ ယောက်ဟာ ဒီကနေ့မနက်ပိုင်းမှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကနေ လွတ်မြောက်လာတာဖြစ်ပါတယ်။
လွတ်မြောက်လာသူတွေဟာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော်၊ AA စစ်ဦးစီးချုပ်ရဲ့ညီမ မယမင်းမြတ် (ခ) မမိုးနှင်းဖြူ၊ သူရဲ့အမျိုးသား ကိုကျော်နိုင်နဲ့ ရခိုင်အသင်း (စင်္ကာပူ)ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ ကိုမောင်ပန် (ခ) ကိုထွန်းအေးနဲ့ ကိုရွှေလှိုင်သန်းတို့ဖြစ်ပါတယ်။
လွတ်မြောက်သူတွေထဲမှာ AA စစ်ဦးစီးချုပ်ရဲ့ညီမနဲ့ ယောက်ဖတို့အမှုဟာ စွဲချက်တင်ထားပြီဖြစ်တဲ့အတွက် တရားသေလွတ်မြောက်လာခဲ့တာပါ။ ကျန် ၈ ယောက်ကတော့ စွဲချက်မတင်ရသေးတဲ့အတွက် တရားရှင်လွတ်မြောက်လာတာလည်းဖြစ်ပါတယ်။
ကိုအောင်မြတ်ကျော် (AA စစ်ဦးစီးချုပ်ရဲ့ညီ)
“အလုပ်တွေအများကြီး လုပ်ကြပါမယ်။ ကျန်နေသေးတဲ့ ရဲဘော်တွေအတွက် အမြန်ဆုံးထွက်လာနိုင်အောင် ကြိုးစားပေးကြမယ်။”
လွတ်မြောက်လာသူတွေဟာ AA နဲ့ပတ်သက်တယ်လို့ဆိုပြီးတော့ ၂ဝ၁၉ ခုနှစ်မှာ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး (၂)နှစ်လောက်အကြာမှာ လွတ်မြောက်လာခဲ့တာလည်းဖြစ်ပါတယ်။
သူတို့ ၁ဝ ယောက်လွတ်မြောက်လာပြီးနောက် ဒီကနေ့ညနေ ၅ နာရီခွဲလောက်မှာ ရန်ကုန်ကနေ စစ်တွေကို စင်းလုံးငှားလေယာဉ်နဲ့ ရောက်ရှိခဲ့ကြတာပါ။ စစ်တွေလေဆိပ်မှာ သူတို့ကို ရာနဲ့ချီတဲ့ပြည်သူတွေက သွားရောက်ကြိုဆိုခဲ့ကြပါတယ်။
https://www.facebook.com/permalink.php?story_fbid=252047426725687&id=100125495251215