အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုခံရပြီး မလွတ်မြောက်သေးသူ ရခိုင်ဒေသခံ ရာနှင့်ချီ ကျန်ရှိနေသေး

By Western News/ 2021 June 13

စစ်တွေခရိုင်တရားရုံးတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုပေါင်း ၁၉ မှုရှိပြီး တရားစွဲခံထားရသူ ၈၆ ဦးအထိရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် တစ်ပြည်လုံးတွင်အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံထား ရသူ ၂၀၀ ကျော်ရှိပြီး ၎င်းတို့ကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ၅၀(က)၊ ၅၀(ဈ)၊ ၅၀(ည)၊ ၅၂(က)တို့ဖြင့်တရားစွဲခံထားရခြင်းဖြစ်သည်။

ယခုစာရင်းသည် ပြီးခဲ့သည့်နှစ်က သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ ကောက်ယူခဲ့သည့်စာရင်းဖြစ်ပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ၅၀(က)၊ ၅၀(ဈ)၊ ၅၀(ည)၊ ၅၂(က)တို့ဖြင့်ဖမ်းဆီးတရားစွဲခံထားရသူများ ၅၀၀ အထက်ရှိနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က Western News ကို မကြာသေးခင်က ပြောဆိုသည်။

အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားသော ရက္ခိုင့်တပ်တော် AA ကို မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင် အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းက အကြမ်းဖက်ဥပဒေ ပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုထားသူများကို ပြန်လွှတ်ပေးခဲ့သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက်ဖ၊ ညီမနှင့် ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ၁၀ ဦး ဇွန်လ ၉ ရက်နေ့မှာ စစ်ကောင်စီ ပြန်လွှတ်ပေးခဲ့ပြီး ဇွန်လ ၁၁ ရက်နေ့က အမ်းမြို့နယ်မှ ဒေသခံ ၄ ဦးကို တရားလိုမှ အမှုအားရုပ်သိမ်းပြီးနောက် လွှတ်ပေးလိုက်သည်။

အကြမ်းဖက်ဖြင့် တရားစွဲဆိုခံထားရသည်မှာ ၃ နှစ်နီးပါးရှိပြီဖြစ်ပြီး ရုံးချိန်းများလည်းအကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ရကြောင်း အချိန်ကုန် ငွေကုန်သည်မှလွဲ၍ မည်သည့်မှ ထူးခြားမလာ၍ နစ်နာဆုံးရှုံးမှုများရှိကြောင်း ဖမ်းဆီးခံ မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ခင်မောင်စိုး၏ ဇနီးဖြစ်သူ ဒေါ်သန်းမရီကပြောသည်။

“ကျမ ယောက်ကျားကို အကြမ်းဖက်နဲ့ တရာစွဲခံထားရတာ ခုဆို ၃ နှစ်တက်ပြီ။ ရုံးချိန်းတွေ သွားခဲ့ရတာလည်း အကြိမ်ပေါင်း မရေတွက်နိုင်တော့ဘူး။ ရုံးချိန်းတွေကို ဒီပတ်ချိန်းဟိုပတ်ချိန်းလုပ်နေတယ်။ သွားရလာရတာစိတ်ပန်ပမ်းမှုတွေဖြစ်လာတယ်။ ငွေကြေးကုန်ကျမှုတွေများလာတယ်။ အမှုရုပ်သိမ်းပေးပြီးတော့ အမြန်ဆုံးလွတ်လာစေချင်တယ်”ဟု ပြောသည်။

လက္ကာကျေးရွာတွင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသူ ၂၃ ဦးထိရှိပြီး ထိုအထဲတွင် အမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်းသိရသည်။

ကျန်တရားစွဲဆို ခံထားရသူများ လွတ်မြောက်နိုင်ခြေမှာ တရားလိုများအပေါ်မူတည်ပြီး ယခင်လွတ်မြောက်လာသူများကဲ့သို့ အမှုကို ရုပ်သိမ်းလိုက်လျှင်သာ လွတ်မြောက်နိုင်ခြေရှိနိုင်ကြောင်း သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ ဥပဒေ အရာရှိ ဒေါ်မေသက်ခိုင် ကပြောသည်။

“အကြမ်းဖက်နဲ့စွဲဆိုခံထားရတာတွေက အမှုကိုရုပ်သိမ်းလို့ လွတ်မြောက်သွားတာတွေရှိသလို မလွတ်ဘဲကျန်နေတာ တွေလည်း အများကြီး ရှိသေးတယ်။ သူတို့တွေရဲ့ လွတ်မြောက်နိုင်ခြေကတော့ ပထမအမှုတွေလို အမှုကိုရုပ်သိမ်း လိုက်ရင်တော့ လွတ်နိုင်ခြေရှိတာပေါ့နော်” ဟုဆိုသည်။

AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာထားသော်လည်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးမှုများ ရှိနေပြီး ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် မိုးပညာဒါနကျောင်းမှ ပရဟိတလူငယ် ၇ ဦးအား ဖမ်းဆီးမှုများလည်း ရှိနေသေးသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းမှစတင်၍ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ နှစ်ဖက် တိုက်ပွဲများ ၂ နှစ်ကြာ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ယင်းနှင့်ပတ်သက်၍ တပ်မတော်က AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဒေသခံများအား ရာနှင့်ချီ ဖမ်းဆီးတရားစွဲဆိုထားသည်။

https://www.facebook.com/westernnewsagency/posts/309387507534427

Leave a Reply

Your email address will not be published.