အကြမ်းဖက်အမှုများအား ဆိုင်းငံ့ထားရန်ညွှန်ကြားထားသည့်အတွက် ကျောက်ဆိပ်ကျေးရွာသား ၅ ဦး၏ အမှုကို ရုံးထုတ်သော်လည်း စစ်ဆေးခြင်းမရှိ

By Western News/ 2021 June 3

အကြမ်းဖက်မှုများဖြင့်တရားစွဲဆိုခံထားရသည့် အမှုများအား ဆိုင်းငံ့ထားရန်ညွှန်ကြားထားသည့်အတွက် ကျောက်ဆိပ်ကျေးရွာသား ၅ ဦး၏ အမှုကို ယနေ့ ဇွန်လ ၃ ရက်က ရုံးထုတ်ခဲ့သော်လည်း စစ်ဆေးခဲ့ခြင်း မရှိကြောင်းသိရသည်။

တရားစွဲဆိုခံထားရသူများမှာ ကိုညီညီအောင် (၂၄) နှစ်၊ ကိုအောင်မျိုးလင်း (၂၄)နှစ်၊ ကိုမောင်ချေ (၂၄)နှစ်၊ ကိုမင်းစိုး (၃၈)နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း (၂၂)နှစ်တို့ဖြစ်ကြပြီး ၎င်းတို့ ၅ ဦးကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၉ ရက်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ခြင်းဖြစ်သည်။

ယနေ့ ရုံးထုတ်ရာတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့်တရားစွဲဆိုခံထားရသည့်အမှုများအား ဆိုင်းငံ့ထားရန် ပြည်နယ်တရားရုံးက ညွှန်ကြားထားသည့်အတွက် စစ်ဆေးခြင်းမရှိဘဲ ဇွန်လ ၁၀ ရက်နေ့အား ထပ်မံရုံးချိန်းလိုက်ခြင်းဖြစ်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

“ပြည်နယ်တရားရုံးက အကြမ်းဖက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အမှုတွေကိုဆိုင်းငံ့ထားဖို့ညွှန်ကြားထားတဲ့အတွက် ဇွန်လ ၁၀ ရက်နေ့ကိုထပ်မံရုံးချိန်းလိုက်တယ်။ ရုံးတော့ထုတ်တယ်။ ဒါပေမယ့် စစ်ဆေးတာတော့မရှိဘူး” ဟုပြောသည်။

တစ်နှစ်ကျော်ကြာတရားရင်ဆိုင်နေရသည့် ကျောက်ဆိပ်ကျေးရွာသား ၅ ဦးကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ ၅၅၀ တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းကတရားလိုပြုလုပ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်မှုများဖြင့်တရားစွဲဆိုခံထားရသည့် အမှုများအား ဆိုင်းငံ့ထားရန် ပြည်နယ်တရားရုံးကညွှန်ကြားထားသော်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်တရားရင်ဆိုင်နေရသည့်လက္ကာနှင့် သာစည်ကျေးရွာသားများ၏ အမှုကို ယနေ့ရုံးထုတ် စစ်ဆေးခဲ့သည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးအောင်စစ်မင်းက ပြောသည်။

“လက္ကာအမှုမှာတော့ စစ်ဆေးဖို့ကျန်ရှိနေတဲ့ ကျေးပင်ကြီးအုပ်ချုပ်ရေးမှူးကို ဒီနေ့စစ်ဆေးတယ်။ သာစည်အမှုမှာကျတော့ တရားလိုဖြစ်တဲ့ဗိုလ်မှူး မင်းချမ်းမွန်ဟာ ရှမ်းပြည်နယ်ကိုပြောင်းသွားတဲ့အတွက်ကြောင့် ကော်မရှင်စာထုတ်ပြီးတော့ စစ်ဆေးဖို့ တင်ထားတာရှိတယ်။ ဒါပေမယ့် ကျမလာသေးဘူး။ အမှုနှစ်ခုစလုံးကိုတော့ ဇွန်လ ၁၀ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်တယ်”ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့် တပ်မတော်တို့၏ ၂ နှစ်ကျော်တိုက်ပွဲကာလအတွင်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရပြီး အကြမ်းဖက်ဥပဒေများဖြင့်တရားစွဲဆိုခံထားရသူ ၂၀၀ ကျော်ထိရှိကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းများအရသိရသည်။

https://www.facebook.com/westernnewsagency/posts/303311178142060

Leave a Reply

Your email address will not be published.