အကြမ်းဖက်ပုဒ်မများဖြင့် တရားစွဲခံထားရသူများ၏ အမှုများတွင် လိုပြသက်သေများမရောက်၍ စစ်ဆေးနိုင်ခြင်းမရှိ

By Western News/ 2021 June 18

ရက္ခိုင်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်ဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲခံထားရသူများ၏ အမှုများအား လိုပြသက်သေများမရောက်၍ စစ်ဆေးနိုင်ခြင်းမရှိဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေများကပြောသည်။

မြောက်ဦးမြို့နယ် လက္ကာကျေးရွာသား ၂၃ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာက ၃ ဦးနှင့် ကျောက်ဆိပ်ကျေးရွာက ၅ ဦး စုစုပေါင်း ၃၁ ဦးတို့သည် စစ်တွေခရိုင်တရားတွင်ဇွန်လ ၁၇ ရက်နေ့က ရုံးထုတ်ခဲ့သော်လည်း တရားပြသက်သေများရောက်ရှိမလာ၍ အမှုကိုစစ်ဆေးခြင်း မရှိဘဲ နောက်တစ်ပတ် ၂၄ ရက်နေ့သို့ ရုံးချိန်းလိုက်သည်။

အမှုလိုက်ဆောင်ရွက် ပေးနေသောရှေ့နေ ဦးအောင်စစ်မင်းက”ဒီရုံးချိန်းကဘာထူးခြားမှုမှမရှိဘူး။ လိုပြသက်သေတွေဖြစ်တဲ့ စစ်ဗိုလ်တွေက ရောက်မလာကြဘူး။ တရားရုံးကလည်း သမ္မာန်စာထုတ်ထားပြီးဖြစ်ပါတယ်။ သမ္မာန်စာထုတ်ထားသော်လည်း ရှိမရှိပြန်ပြီးသမ္မာန်စာပေးပို့တာမရှိဘူး” ဟုပြောသည်။

မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၃ ဦး၏ အမှုတွင်တရားလိုနှစ်ဦးဖြစ်သည့် ဗိုလ်ကြီးထင်လင်းနှင့် ဒုရဲမှုးဇော်မျိုးဝင်းတို့က အကြမ်းဖက်တိုက် ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)ဖြင့်တရားစွဲဆိုထားပြီး ဒုရဲမှူးဇော်မျိုးဝင်း ကနောက်ထပ် လက်နက်အရေးပေါ်စီမံ အက်ဥပဒေပုဒ်မ ၂ (၁)(က)တို့ဖြင့်တရားဖြင့် တရားစွဲဆိုထားသည်။

ယင်းအပြင် အကြမ်းဖက်မှုဥပဒေများဖြင့်တရားစွဲခံထားရသော ကျောက်ဆိပ်ကျေးရွားသားများ ၅ ဦး၏ အမှုတွင် ပုဏ္ဏားကျွန်းမြို့ ၅၅၀ တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် စစ်တွေခရိုင် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုတွင် လိုပြသက်သေများမှာ နယ်ပြောင်းသွားကြပြီးဖြစ်သောကြောင်းကော်မရှင်နာမှ တစ်ဆင့်စစ်ဆေးရမည် ဖြစ်သော်လည်း ကော်မရှင်နာထံမှ စာမရောက်သေးသောကြောင်း စစ်ဆေးနိုင်ခြင်းမရှိနိုင်သေးကြောင်းတရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန်မောင်က ပြောသည်။

” ရုတ်သိမ်းမယ်ဆိုရင်လည်းသက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက မြန်မြန်ဆန်ဆန် ရုတ်သိမ်းပေးစေချင်တယ်။ အမှုသည်တွေက တရားသေလွတ်မယ့်သူတွေလည်းရှိတယ်။ အခုလိုတရားသေလွတ်မယ်အမှုတွေထဲမှာ အမှုကိုသာဆက်ပြီးသွားမယ်ဆိုရင် ကျွန်တော်အမှုတွေက ပြီးသွားလောက်ပြီး။ အခုလိုရုပ်သိမ်းဖို့ကြန့်ကြာနေတာက အမှုသည်တွေ အတွက်နစ်နာမှုတွေရှိသည်ဟု”သူကပြောသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာမှ လူကြီး ၃ ဦးအပါဝင် အသက်မပြည်သေးသည့် ၂ ဦးစုစုပေါင်း ၅ ဦး ကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီ ၄ ရက်နေ့က ဖမ်းဆီးပြီး ဗိုလ်ကြီးထူးနိုင်လင်းက တရားလိုလုပ်ကာ တရားစွဲ ဆိုခဲ့သည်။ ယင်းအမှုထဲမှာ အသက်မပြည့်သေးသည့် ကလေးသူငယ် ၂ ဦးကို အမှုရုပ်သိမ်းပေးခဲ့ပြီး ပြန်လည်လွှတ်ပေးခဲ့သည်။

စစ်တွေခရိုင်တရားရုံတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုပေါင်း၁၉ မှုရှိပြီး တရားစွဲခံထားရသူ ၈၆ အထိရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ် တစ်ပြည်လုံးတွင်အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံထား ရသူ ၂၀၀ ကျော်ရှိပြီး ၎င်းတို့ကို အကြမ်းဖက်တိုက် ဖျက်ရေးဥပဒေ ၅၀(က)၊ ၅၀(ဈ)၊ ၅၀(ည)၊ ၅၂(က)တို့ဖြင့်တရားစွဲခံထားရခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/312642170542294

Leave a Reply

Your email address will not be published.