By RFA/ 2021 June 17
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ တည်ဆောက်နေတဲ့ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း ဧရိယာထဲမှာ ပါဝင်လို့ ရွာလုံးကျွတ် ပြောင်းရွှေ့ပေးခဲ့ရတဲ့ ရေကောက်နဲ့ ပုရစ်ရွာက ပြည်သူတွေဟာ အခု အချိန်အထိ နစ်နာကြေး အပြည့်အဝ မရကြသေးသလို လက်ရှိ အစားထိုးပေးခဲ့တဲ့ မြေနေရာမှာလည်း မြေပြိုလို့ အိမ်တွေ ပျက်ပြီး နေထိုင်ရေး အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ရွာသားတွေက RFAကို ပြောပါတယ်။
ရေဝပ်ဧရိယာမှာ ပါဝင်တဲ့အတွက် ရေကောက်ရွာက အိမ်ထောင်စု ၃၀၈ စု၊ ပရစ်ရွာက အိမ်ထောင်စု ၁၅၃စု စုစုပေါင်း အိမ်ထောင်စု ၄၆၁ စုက လူဦးရေ ၁၉၀၀ကျော်ဟာ ပြီးခဲ့တဲ့ ဧပြီလကစပြီး ပြောင်းရွှေ့ပေးခဲ့ရတာပါ။ စီမံကိန်းကြောင့် ပြောင်းရွှေ့ပေးခဲ့ရသူတွေကို သံတွဲမြို့နဲ့ ၂၅ မိုင်အကွာလောက် သံတွဲ-တောင်ကုတ် ကားလမ်းမအနားက တောင်ကုန်းမှာ အစိုးရက နေရာချပေးထားပါတယ်။
ပြောင်းပေးရတဲ့ သူတွေကို နစ်နာကြေးအဖြစ် တစ်အိမ်ကို အနည်းဆုံး သိန်း ၃၀ ကနေ သိန်း ၁၈၀ အထိ ပေးမယ်လို့ ပြောဆိုထားပေမယ့် အခုအချိန်ထိ နစ်နာကြေး အပြည့်မရကြသေးသလို လုံးဝ မရသေးတဲ့သူ လေးဆယ်ကျော် ရှိနေသေးတယ်လို့ ပရစ်နဲ့ ရေကောက်ရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်သိန်းက RFAကို ပြောပါတယ်။
“ဒီနေ့အထိ တစ်ကျပ်မှ မရသေးတဲ့ လူတွေရှိသေးတယ်လေ။ ဒီနေ့အထိ မရသေးတဲ့ လူတွေက ရေကောက် ဘက်မှာ ဘယ်လောက်အထိ ရှိသေးလည်းဆိုရင် လေးဆယ်နဲ့ခြောက်အိမ် ကျန်သေးတယ်။ အခုက အိမ်ဆောက်ဖို့ ပေးတဲ့ငွေတွေနဲ့ စားဝတ်နေရေး အားလုံးကို ဖြေရှင်းနေရတဲ့ သဘောရှိတာပေါ့။ လက်ရှိ ပေးထားတဲ့ ငွေရေးကြေးရေးတွေ ကုန်သွားပြီဆိုရင်တော့ ဒုက္ခရောက်မှာ သေချာတယ်။ တစ်ချိန်က သူတို့ ပြောခဲ့တာက ဒီနေရာရောက်ရင် စိုက်ပျိုးရေး၊ မွေးမြူရေးက အစပေါ့နော်။ သူတို့ ဆောင်ရွက်ပေးမယ် ဆိုပြီး ကတိတွေ ခံခဲ့တယ်လေ။ လက်ရှိအနေအထားက ဘာမှ အကောင်အထည်ဖော်လို့ မရသေးဘူး”
စီမံကိန်းကြောင့် အိမ်တွေပြောင်းရွှေ့ပေးခဲ့ရတဲ့ သူတွေအတွက် နစ်နာကြေးကို ပထမအသုတ်မှာ ၃၀ ရာခိုင်နှုန်း၊ ဒုတိယအသုတ် ၄၀ ရာခိုင်နှုန်း၊ တတိယအသုတ် ၃၀ ရာခိုင်နှုန်းနဲ့ သုံးသုတ်ခွဲပေးမယ်လို့ ပြောထားပေမယ့် ဘဏ်အခက်အခဲကြောင့်ဆိုပြီး အခုအချိန်ထိ နစ်နာကြေး အပြည့်မရသေးပဲ အများစု နစ်နာကြေး သုံးဆယ်ရာခိုင်နှုန်းပဲ ရကြသေးတယ်လို့ အုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်သိန်းက ဆိုပါတယ်။
“ဘာအလုပ်မှ မရှိဘူး။ ထောက်ပံ့မှုတွေလည်း တစ်ခုမှမရဘူး။”
အဲဒီ လျှပ်စစ်စီမံကိန်းဟာ သူဌေးချောင်းပေါ်မှာ ရေလှောင်တမံနဲ့ ၁၁၁ မဂ္ဂါဝပ်ရှိတဲ့ ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီး နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်မှာဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ နိုင်ငံတော်ဓာတ်အားစနစ်ကို ချိတ်ဆက် ဖြန့်ဖြူးပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဆောက်လုပ် နေတာလို့ သက်ဆိုင်ရာက ကြေညာထားပါတယ်။
အဲဒီ စီမံကိန်းကို ၂၀၀၈ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး လာမယ့် သုံးနှစ် ၂၀၂၄ မှာ လျှစ်စစ်ထုတ်လုပ် နိုင်ရေးအတွက် လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ချပေးတဲ့နေရာဟာ ဖို့မြေဖြစ်တဲ့အတွက် မိုးရွာတဲ့အခါ မြေပြိုလို့ ဆောက်လက်စအိမ်တချို့ ပျက်စီးသွားပြီး တောင်ကမ်းပါးနားမှာ ဆောက်ထားတဲ့ အိမ်တချို့လည်း စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ရေကောက်ရွာက ပြောင်းပေးရတဲ့ ဦးသိန်းထွန်းက RFAကို ပြောပါတယ်။
“အရင်တစ်ပတ်က မိုးအားနဲ့ရွာတာတောင် မဟုတ်သေးဘူး။ နည်းနည်းလေး ရွာတာတောင်မှ အိမ်လေး၊ ငါးအိမ်လောက် ပျက်စီးသွားတယ်။ တချို့အိမ်တွေက မပြိုသေးဘူး။ မပြိုသေးပေမယ့်လည်း မနေရဲတဲ့ အခြေအနေလည်း ရှိတာပေါ့။ ဖို့မြေဖြစ်တဲ့အတွက် မခံနိုင်လို့ ပြိုဆင်းတဲ့ အနေအထား။ အခု ပျက်စီး နေတာကတော့ ခန်းမှန်းခြေ အိမ်ခြေ နှစ်ဆယ်လောက်တော့ ရှိမယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကမ်းပါးနားမှာ ဆောက်ထားရတဲ့ အိမ်တွေက အကုန်လုံးကြောက်ရတဲ့ အနေအထားမှာ ရှိတယ်”
အိမ်ပြောင်းရွှေ့ပေးခဲ့ရတဲ့ သူတွေဟာ ရွာမှာရှိတဲ့ လယ်ယာလုပ်ငန်းတွေ၊ တောင်ယာတွေနဲ့ တခြား အသက်မွေးဝမ်းကျောင်း လုပ်ငန်းအားလုံး ကို စွန့်ခွာလာခဲ့ရတာဖြစ်လို့ နေရာသစ်မှာ အလုပ်အကိုင်ခက်ပြီး ဝင်ငွေမရှိသလို နေထိုင်ရေးပါ ခက်ခဲနေတဲ့အတွက် ရေရှည်မှာ ပိုပြီးအခက်အခဲ ဖြစ်လာမယ်လို့ ပရစ်ရွာက ဦးဦးသန်းဌေးက ပြောပါတယ်။
“အခက်အခဲကတော့ အများကြီးပေါ့။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေရော အကုန် စွန့်ခဲ့ ရတာလေ။ အခုက ဒီမှာ အိမ်ဆောက်တယ်ဆိုတော့ ဘာအလုပ်မှ မရှိဘူး။ ထောက်ပံ့မှုတွေလည်း တစ်ခုမှမရဘူး။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့မှာ တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်မယ်။ ဒီနေရာမှာ ရပ်တည်ဖို့က မလွယ်ဘူးလေ။ ဒီမှာက အလုပ်အကိုင်ဆိုတာ ဘာမှ မယ်မယ်ရရ မရှိဘူး။ အလုပ်အကိုင်မရှိတော့ ကျွန်တော်တို့ရဲ့ စားဝတ်နေရေးက ပိုဆိုးတာပေါ့”
အခုအခြေအနေနဲ့ ပတ်သက်လို့ သူဌေးချောင်းလျှပ်စစ်စီမံကိန်း လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အေး ကို RFAက ဆက်သွယ်မေးမြန်းရာမှာ ဒီနှစ်မှာ တမံစတင်ဆောက်လုပ်နေပြီး လာမယ့် ၂၀၂၄-၂၀၂၅ ခုနှစ်မှာ ပြီးစီးမယ်လို့ ပြောပါတယ်။
စီမံကိန်းကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့ပေးခဲ့ရတဲ့ သူတွေ အခက်အခဲ ဖြစ်နေတာနဲ့ ပတ်သက်လို့ RFAက မေးမြန်းတဲ့အခါမှာတော့ တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားမှုမရှိတော့ဘဲ တယ်လီဖုန်း ချသွားခဲ့ပါတယ်။
ဒေသခံတွေကတော့ အခုလက်ရှိ ချပေးထားတဲ့နေရာမှာ အခြေတကျ လုပ်ကိုင် စားသောက်နိုင်ဖို့ အတွက် အစားထိုးမြေယာရဖို့ လိုလားနေကြသလို နှစ်ပေါင်းများစွာ အခြေတကျ နေထိုင်ခဲ့တဲ့နေရာကနေ နေရာသစ်ကို ပြောင်းလာရပြီးတဲ့နောက် ပုံမှန်အနေအထား တစ်ခုရောက်တဲ့အချိန်အထိ ကူညီထောက်ပံ့မှုတွေ ပေးဖို့ ကိုလည်း လိုလားနေကြပါတယ်။