By Narinjara/ 2021 June 17
ဆောင်းဇာခြည်
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ရှိသည့် သမိုင်းဝင် ရွှေဆံတော်စေတီ၏ တောင်ကမ်းပါးယံများမှာ မိုးရွာသွန်းမှုကြောင့် ပြိုကျလာ၍ အရေးတကြီး ထိန်းသိမ်းရန် လိုအပ်နေကြောင်း ရွှေဆံတော်ဘုန်းကြီးကျောင်းမှ ဆရာတော် ဦးတေဇိန္ဒက မိန့်သည်။
“မနေ့က တနေ့လုံး၊ တညလုံး ရွာတဲ့မိုးမှာ မြေတွေပြိုသွားတာပေါ့။ အုန်းပင်တွေလည်း ပါသွားတယ်။ အဆောက်အဦတွေလည်းပဲ သုံးလက်မလောက် နိမ့်သွားတယ်။ အောက်ခြေတိုင်တွေလည်း ပေါ်သွားတယ်။ ဘုရားစေတီကတော့ အခုတော့ ဘာမှမဖြစ်သေးဘူး။ အန္တရာယ်များတဲ့ သမိုင်းဝင် စေတီတော်တောင်နံရံတွေကို အချိန်မီ ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်နေပါတယ်။” ဟု မိန့်သည်။
ယင်းသမိုင်းဝင်စေတီတော်တည်ရှိသည့် တောင်ကုန်း၏ ကမ်းပါးများမှာ ပြီးခဲ့သည့်နှစ် မိုးရာသီကာလက ထိုကဲ့သို့ ပြိုကျခဲ့မှုဖြစ်စဉ်မရှိခဲ့သော်လည်း ဆောက်လက်စ သာသနိကအဆောက်အဦများရှိ ပြတင်းပေါက်အချို့နှင့် နံရံအချို့တို့မှာ မိုးဒဏ်လေဒဏ်ကြောင့် ပျက်စီးသွားကြောင်း ဆရာတော်က မိန့်ကြားသည်။
“သံတွဲမှာ ရွှေဆံတော်၊ ရွှေအံတော်၊ ရွှေနံတော် ဘုရားဆိုပြီး တန်းခိုးကြီး သမိုင်းဝင်ဘုရားသုံးဆူရှိပါတယ်။ အဲဒီအထဲက ရွှေဆံတော်မှာ အခုမြေပြိုတာပေါ့နော်။ မြတ်စွာဘုရားဟာ ဓညဝတီရခိုင်ပြည်ကနေ ကြွလာပြီးတော့ ဆံတော်တောင်ဆိုတဲ့တောင်မှာ ရပ်တော်မူပြီးတော့ ဆံတော်၊ နံတော်၊ အံတော် ဘုရားသုံးဆူကို ဗျာဒိတ်ပေးခဲ့တဲ့ ဗျာဒိတ်တော်အရ တည်ထားကိုးကွယ်ခဲ့တဲ့ သမိုင်းဝင်ဘုရားဖြစ်ပါတယ်။” ဟု ဆရာတော်က ဆက်မိန့်သည်။
အဆိုပါ ရွှေဆံတော်စေတီမှာ သံတွဲမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ တောင်ကုန်းပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4417412824937427