By Narinjara/ 2021 June 16
ချစ်အိလှိုင်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းမြေနေရာအတွက်ဖယ်ရှားခံလိုက်ရသည့် ကျေးရွာနှစ်ခုမှ အိမ်ထောင်စု ၂၉ စုမှာ လျော်ကြေးငွေလုံးဝမရရှိသေးသဖြင့် နေထိုင်စားသောက်ရေး အခက်တွေ့နေရကြောင်း သတင်းရရှိသည်။
သံတွဲမြို့နယ် ရေကောက်ကျေးရွာနှင့် ပုရစ်ကျေးရွာမှ အိမ်ခြေ ၄၆၁ ဆောင်မှာ တောင်ကုတ်မြို့သို့သွားလမ်း မိုင်တိုင် ၁၈ အနီး ဒေါ်မြရွာနှင့် ဂိန်ချောင်းဆည်အနီးသို့ ယခုနှစ် ဧပြီလအတွင်းက ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်သည်။
၄င်းတို့အထဲမှ တချို့မှာ လျော်ကြေးငွေအရစ်ကျအသီးသီးရရှိထားကြသော်လည်း အိမ်ထောင်စု ၂၉ စုမှာ လျော်ကြေးငွေ လုံးဝမရရှိသေးသည့်အတွက် စားသောက်နေထိုင်ရေး အခက်အခဲဖြစ်နေသည်ဟု ကာယကံရှင်များက ပြောသည်။
လျော်ကြေးငွေလုံးဝမရရှိသေးသည့် ဒေါ်မေဇင်အောင်က “လျော်ကြေးငွေလုံးဝမရသေးတဲ့အတွက် ပြောနေရတာပါ။ တစ်ကျပ်တောင်မရသေးဘူး။ အိမ်ကတော့ ဟိုက အကြွေးယူ၊ ဒီကအကြွေးယူနဲ့ဆောက်ထားတာ မပြီးတပြီးဖြစ်နေပြီ။ အကြွေးသမားတွေက ဟိုကလာတောင်း၊ ဒီကလာတောင်းနဲ့။ စားဖို့တောင်မရှိရတဲ့အထဲမှာပါ။ မိုးထဲလေထဲမှာ အခုထိမလုံခြုံသေးဘူး။ သားသမီးလေးယောက်ရှိတယ်။ ကလေးတွေမုန့်ဖိုးတောင်မရှိ။ ကန်စွန်းရွက်တောင်ဝယ်မစားနိုင်ဘူး” ဟုပြောသည်။
၄င်းတို့အား ယမန်နေ့ဇွန်လ ၁၅ ရက်နေ့၊ နေ့လယ်က သံတွဲခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့က အစည်းအဝေးခေါ်ယူညှိနှိုင်းခဲ့ပြီး တစ်ပတ်တွင် ငွေနှစ်သိန်းကျပ်သာ ဘဏ်မှထုတ်ယူရန်ပြောဆိုမှုအပေါ် အားရမှုမရှိကြောင်း အဆိုပါကျေးရွာရွှေ့ပြောင်းရေးတာဝန်ခံ ဦးအောင်ကြီးက ပြောသည်။
“ဒီမှာနေရတာအဆင်မပြေကြဘူး။ မြေတွေကလည်းပြိုနေပါတယ်။ တောင်တွေလည်းပြိုနေပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းက လုံးဝမရှိဘူး။ ကျွန်တော်ကတော့ သိန်းကိုးဆယ်မှာ သိန်းနှစ်ဆယ်ရပါသေးတယ်။ ငွေတစ်ကျပ်မှမရသေးတဲ့လူတချို့ကလည်း မဏ္ဍပ်ထိုးပြီးနေရပါတယ်။ မိုးရွာ၊ လေတိုက်ရင် ကလေးတွေကိုသူများအိမ်ကိုပို့ပေးရတယ်။ မနေ့က အစည်းအဝေးမှာ တစ်ပတ်ကို နှစ်သိန်းနှုန်းနဲ့ ဘဏ်အကောင့်ဖွင့်ပြီးထုတ်ပေးမယ်ပြောတယ်။ အဲဒီငွေနဲ့ ဘယ်လိုအဆင်ပြေနိုင်မလဲနော်။” ဟုပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ သံတွဲမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်သာစိန်က ၄င်းတို့အနေဖြင့် ဘဏ်စနစ်အရ ငွေကို အကန့်အသတ်ဖြင့်သာထုတ်ပေးလျက်ရှိသည့်အတွက် အခက်အခဲဖြစ်နေကြခြင်းဖြစ်ကြောင်း ပြောသည်။
ဦးမောင်သာစိန်က “ဘဏ်ကငွေထုတ်ပေးနိုင်သလောက် ရရှိမှာပါ။ အခက်အခဲတွေက ရှိကြတာပါပဲ။ ဒါပေမဲ့ သူတို့အတွက်ငွေဟာ အပြည့်အစုံရှိပြီးသားပါ။ နိုင်ငံတော်က သူတို့ကို လျော်ကြေးပေးဖို့တွက် ငွေပမာဏကိုလည်း ပေးထားပြီးဖြစ်တယ်။ ဘဏ်စနစ်ကြောင့်သာ အခက်အခဲဖြစ်နေတာပါ။” ဟုပြောသည်။
သံတွဲမြို့နယ်ရှိ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရေးစီမံကိန်းအတွက် ရေကောက်ကျေးရွာအုပ်စုမှ ကျော်မျက်ကျေးရွာကို ၂ဝဝ၉ ခုနှစ် မတ်လအတွင်းက ပြောင်းရွှေ့ခဲ့ရပြီး ကျန်ရှိနေသည့် ရေကောက်ကျေးရွာနှင့် ပုရစ်ကျေးရွာတို့ကို ယခုနှစ် ဧပြီလထဲတွင် အပြီးစီး ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်သည်။
https://www.facebook.com/narinjara.info/posts/4415729415105768