သံတွဲနှင့် ငပလီမှ ကွာရန်တင်းဝင်နေရသည့် မိသားစု ၈ဝခန့် စားဝတ်နေရေးအခက်အခဲဖြစ်နေ

By Narinjara/ 2021 June 30

ချစ်အိလှိုင်

(Photo- အခက်အခဲကျရောက်နေသည့် ကွာရန်တင်းဝင်နေသည့် မိသားစုများကို ဒေသအတွင်းက စေတနာရှင်များ တစ်ပိုင်တစ်နိုင် ကူညီနေကြစဉ်/ ဇွဲထက်မာန်)

သံတွဲနှင့် ငပလီမှ ကိုဗစ်ပိုးတွေ့သူများနှင့် ဆက်စပ်သဖြင့် ကွာရန်တင်း ဝင်နေရသည့် မိသားစု ၈ဝ ခန့် မှာ စားဝတ်နေရေး အခက်အခဲ ကျရောက်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

သံတွဲမြို့မှ ကိုဗစ်လူနာများအား ကူညီပေးနေသူ ဦးကိုသက်က “ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြပါတယ်။ ပိုးတွေ့တဲ့လူနာနဲ့တိုက်ရိုက်ထိတွေ့ဖူးသူတွေက ကွာရန်တင်းစင်တာမှာ ထားပြီးတော့ secondary contact သူတို့နဲ့ တစ်ဆင့်ခံ ထိတွေ့ဖူးသူတွေကိုတော့ နေအိမ် ကွာရန်တင်း ထားတာရှိတယ်။ အပြင်လည်း မထွက်ရတော့ စားဝတ်နေရေး အတော်အခက်အခဲ ဖြစ်နေကြပါတယ်။” ဟုပြောသည်။

ကိုဗစ်အတည်ပြုလူနာ တစ်ဦးဖြစ်သည့် ဆယ်တန်းကျောင်းသူ၏ မိခင်ဖြစ်သူက ၄င်းတို့ အနေဖြင့် နေ့စားအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရသူများဖြစ်သဖြင့် အပြင်ထွက်၍ အလုပ် မလုပ်ရဖြစ်နေသဖြင့် စားဝတ်နေရေး အကျပ်အတည်းဖြစ်နေ၍ ကူညီပေးကြစေလိုကြောင်း ပြောသည်။

“ကျွန်မအမျိုးသားက နေ့စားလုပ်ကိုင်ပြီးရှာကျွေးနေတာပါ။ မိသားစုစားဝတ်နေရေး အခက်အခဲ ဖြစ်နေပါတယ်။ လက်ထဲမှာက ပိုက်ဆံမရှိတော့လေ။ မနေ့ကတော့ လူမူရေးအသင်းတစ်ခုက ဆန်၊ဆီ၊ကြက်သွန်၊ အာလူး၊အချို့မှုန့်တို့ လာလှူသွားပါတယ်။ ဒါပေမယ့် ဘယ်လုံလောက်မလဲရှင်။ ဆေးဝါးဝယ်ဖို့ပိုက်ဆံလည်းမရှိဘူး။ ကျွန်မတို့လင်းသာရပ်ကွက်ထဲမှာလည်း ရပ်ကွက်ထဲက ကျွန်မတို့ရဲ့အိမ်ရှေ့၊ အိမ်နောက် အကုန် ကွာရန်တင်းဝင်နေရကြတာပါ။ ကူညီပေးကြစေချင်တယ်” ဟုပြောသည်။

သံတွဲမြို့နယ် ဆေးရုံအုပ်ကြီးဒေါက်တာ ရဲဝင်ထွန်းကလည်း သံတွဲမြို့နယ်တွင် ပိုးတွေ့လူနာနှင့် တိုက်ရိုက်ထိတွေ့၍ ကွာရန်တင်းဝင်နေရသူ လူ ၅ဝ ခန့်ရှိကြောင်း အတည်ပြုပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ယမန်နေ့ ဇွန်လ ၃ဝ ရက်နေ့ အထိ ကိုဗစ်အတည်ပြုလူနာ ၁၄၉ ဦးအထိ ရှိလာနေကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ စာရင်းအရသိရသည်။

https://www.facebook.com/narinjara.info/posts/4453492214662821

Leave a Reply

Your email address will not be published.