By Development Media Group (DMG)/ 2021 June 8
ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ကို ပါဝင်သင့်ပါဝင်ထိုက်သည့် နိုင်ငံရေးအင်အားစုများနှင့် စစ်ကောင်စီအား ဆန့်ကျင်တော်လှန်လျက်ရှိသော ရဲဘော်များ စုစည်းညှိနှိုင်းပြီး မနေ့က ဇွန်လ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ယင်းထုတ်ပြန်ချက်တွင် စစ်အာဏာရှင်စနစ် အမြတ်ပြတ်ချေးမှုန်းနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အလျင်အမြန် တည်ဆောက်နိုင်ရေး၊ ရခိုင်ပြည်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်၍ ထိရောက်သော တော်လှန်ရေးတိုက်ပွဲများ အရှိန်အဟုန်ဖြင့် ဖော်ဆောင်နိုင်ရေးတို့ ပါဝင်သည်။
ထို့ပြင် သံတွဲမြို့နယ်မှ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအား အကြမ်းဖက်စစ်ကောင်စီတပ်များ၏ရန်မှ အကာအကွယ်ပေးနိုင်ရေး၊ NUG နှင့် CRPH တို့မှ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ချိတ်ဆက်လျက် ဟန်ချက်ညီသော နိုင်ငံရေး၊ စစ်ရေး တိုက်ပွဲများ စနစ်တကျဖော်ဆောင်နိုင်ရေးများအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
TPDF ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်သည် သံတွဲမြို့နယ်တစ်ခုလုံးကို ကိုယ်စားမပြုကြောင်း သံတွဲ ဒေသခံများနှင့် သံတွဲလူမှုအဖွဲ့အစည်းများမှ ပြောဆိုကြသည်။
သံတွဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုသည်မှာ ငြိမ်းချမ်းမှုကိုမလိုလားသော လူအစုအဖွဲ့တစ်ခုမှ လုပ်ဆောင် ခြင်းသာဖြစ်သည်ဟု သံတွဲမြို့ဖြူစင်သောတွဲလက်ပရဟိတအသင်း ဥက္ကဋ္ဌ မဆောင်းနှင်းဝေက ရှုမြင်သည်။
“ဒါက ဆူပူမှုဖြစ်လာအောင် လုပ်ဆောင်ခြင်းတစ်ခုသာ ဖြစ်တယ်လို့မြင်မိတယ်။ ဒါကြီးကို ဖွဲ့စည်းဖို့အတွက် ဘယ်သူတွေ အသိပေးခဲ့လဲ၊ ဘယ်သူတွေက NUG၊ CRPH နဲ့ ဆက်သွယ်လဲ။ အဲလိုဆက်သွယ်တဲ့ အဖွဲ့တွေ ဆိုတာလဲ သံတွဲမှာ တစ်ခါမှမကြားမိဘူး” ဟု ၎င်းကပြောသည်။
လက်ရှိ ပြည်မနိုင်ငံရေးအခင်းအကျင်းနှင့် ရခိုင်နိုင်ငံရေးအခင်းအကျင်း မတူညီခြင်းကြောင့် ရခိုင်နိုင်ငံရေး အခင်းအကျင်းတွင် PDF မလိုအပ်ကြောင်း သံတွဲမြို့နယ်မှ ရခိုင်လူမှုကွန်ယက်အဖွဲ့ အလုပ်အမှုဆောင် ကိုစိန်ချစ်က သုံးသပ်သည်။
“ပြည်မအခင်းအကျင်းနဲ့ ကျနော်တို့ ရခိုင်နိုင်ငံရေးအခင်းအကျင်း မတူဘူး။ ဒါက မလိုအပ်ဘူးလို့မြင်မိတယ်။ ကျနော်တို့ ရခိုင်မှာက ရခိုင်တပ်တော်ဆိုတာလဲရှိနေပြီ။ ဒီသံတွဲ PDF ဆိုတာက ဘယ်ကလာမှန်းမသိဘူး။ သူတို့အဖွဲ့က ဘာမှသေချာချာမရှိဘူးလို့မြင်တယ်” ဟု ကိုစိန်ချစ်က ဆိုသည်။
TPDF ဖွဲ့စည်းခြင်းသည် သံတွဲဒေသခံပြည်သူလူထု၏ ငြိမ်းချမ်းစွာ နေလိုသောဆန္ဒနှင့် သဘောထားကို မျက်ကွယ်ပြုဆန့်ကျင်သည့် လုပ်ရပ်ဖြစ်သည်ဟုယူဆသည့်အတွက် ကန့်ကွက်ရှုတ်ချကြောင်း ဒွါရာဝတီမျိုးချစ်လူငယ်များအဖွဲ့မှ ယနေ့ ဇွန်လ ၈ ရက်နေ့တွင် သဘောထားထုတ်ပြန်ထားသည်။
ယင်းအပြင် TPDF အနေဖြင့် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ CDM မလုပ်သောဝန်ထမ်းများ၊ အမြင်ခံယူချက် မတူသော သံတွဲဒေသနေပြည်သူများအား ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုများပြုလုပ်လာပါက ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမည်ကြောင်းလည်း ဒွါရာဝတီမျိုးချစ်လူငယ်များအဖွဲ့မှ ထုတ်ဖော်ပြောကြား ထားသည်။
သံတွဲမြို့မိ၊ မြို့ဖ ဦးအောင်ကျော်စိုးကလည်း TPDF အဖွဲ့သည် သံတွဲမြို့နယ်ကို ကိုယ်စားမပြုကြောင်း ပြောဆိုသည်။
“လက်ရှိ ကျနော်တို့ဆီမှာ ငြိမ်သက်နေတယ်။ အရင်တုန်းက ဒီမိုကရေစီလမ်းအတိုင်းသွားနေတယ်။ ဒါက သဘောထား တိုက်ဆိုင်ရာလူတစ်စုက လုပ်တာဖြစ်တယ်။ ဒါက ပြဿနာတွေတောင် ကြီးထွားလာနိုင်တယ်လို့ မြင်တယ်။ လက်ရှိက ဒေသခံနဲ့အစိုးရ အကုန်အဆင်ပြေနေတယ်” ဟု ၎င်းကဆိုသည်။
ယင်းအပြင် သံတွဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွင် အသုံးပြုထားသော ရခိုင်အမှတ်တံဆိပ်မှာလည်း လက်ရှိအသုံးပြုနေသည့် ရခိုင်အမှတ်တံဆိပ်နှင့် မတူဘဲ လွဲချော်နေကြောင်း၊ ရခိုင်အမှတ်တံဆိပ်၏ အောက်ဆုံးအနားတွင်ပါရှိသော အစက်များမှာ ခုနှစ်စက်ဖြစ်ရမည်ဖြစ်ပြီး လက်ရှိ TPDF သုံးစွဲထားသည့် တံဆိပ်တွင် အစက် ၅ စက်သာပါရှိနေ၍ ယင်းအမှတ်တံဆိပ်သည် ရခိုင်အမှတ်တံဆိပ်မဟုတ်ကြောင်း စစ်တွေဒေသခံတစ်ဦးက ထောက်ပြသည်။
TPDF သုံးစွဲထားသည့် အမှတ်တံဆိပ်သည် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) မှ ၂၀၁၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်တွင် လက်ရှိအသုံးပြုနေသည့် ရခိုင်အမှတ်တံဆိပ်အစား ပြောင်းလဲသုံးစွဲရန် ကြိုးပမ်းခဲ့သည့် အမှတ်တံဆိပ်သာဖြစ်ပြီး ယင်းအချိန်က ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP)နှင့် ရခိုင်ယဉ်ကျေးမှုအဖွဲ့များက ကန့်ကွက်ခဲ့မှုကြောင့် ကြံ့ခိုင်ရေးပါတီ၏ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ပေ။
လက်ရှိမှာ သံတွဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ကို ဖွဲ့စည်းကြောင်းကြေငြာချက်ထွက်ပေါ် ပြီးနောက် သံတွဲမြို့တွင် လုံခြုံရေးများ တင်းကျပ်စွာချထားလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်မှ နိုင်ငံအာဏာသိမ်းယူပြီးနောက် ဒေသအချို့တွင် ပြည်သူ့ကာကွယ်ရေး တပ်များဖွဲ့စည်းကာ စစ်ကောင်စီအား ဆန့်ကျင်တိုက်ခိုက်လျက်ရှိကြသည်။
https://www.facebook.com/dmgnewsagency/posts/2033164066835994