“သူတို့ခံစားချက်တွေကိုလည်း အပြစ်ပြောလို့မရသလို သူတို့အနေနဲ့လည်းအပြစ်မတင်သင့်ပါဘူး။ ဒီမှာလည်း ၂ နှစ် ၃ ကျောင်းမတက်ရဘဲ နစ်နာထားတာဆိုတော့ ဒီနှစ်မှာတော့ ကျမတို့ကလေးတွေပညာရေးက ထိခိုက်လို့မဖြစ်ပါဘူး”

By Western News/ 2021 June 1

ယနေ့ ဇွန်လ ၁ ရက်နေ့မှာ ရခိုင်ပြည်နယ်ရှိ အခြေခံပညာသင်ကျောင်းများစတင်ဖွင့်လှစ်တဲ့အတွက် ကျောင်းသား/သူတွေ ကျောင်းစတင်တက်ရောက်ကြပါတယ်။ စစ်တွေမြို့ အထက (၂) ကျောင်းကို ကျောင်းလာပို့တဲ့ ကျောင်းသားမိခင် ဒေါ်ဌေးဌေးစံ ကို Western Newsက မေးမြန်းချက်ကို ဖော်ပြပေးလိုက်ပါတယ်။

မေး။ ။ ဒီနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျောင်းမတက်ကြတဲ့အခြေအနေမှာရှိတယ်ပေါ့နော်။ အဲဒီထဲမှာမှ ရခိုင်ပြည်အနေနဲ့ ကျောင်းတက်နိုင်တဲ့အခွင့်အရေးရနေတယ်ပေါ့နော်။ အဲဒီအပေါ်မှာ ကျောင်းသား မိဘတစ်ယောက်အနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ ကျောင်းတက်နေရတဲ့အခြေအနေကတော့ ကျောင်းဖွင့်လို့သာတက်နေကြရတာပါ။ ဒီအခြေ အနေကို ပုံသေကားချကြီးတော့ သတ်မှတ်လို့မရဘူးပါဘူး။ Covid-19 ရောဂါအခြေအနေကလည်း ရှိသေးတော့လေ။ မနှစ်ကလည်း Covid နဲ့ကျောင်းတွေ တစ်နှစ်ပိတ်လိုက်ရတယ်။ ပြီးတော့ စစ်ရေးအခြေနေ တွေကြောင့်လည်း ကျောင်းမတက်ရပြန်ဘူး။ အဲလို ၂ နှစ် ၃ နှစ်လောက် ကျောင်းတွေနားလိုက်ရတော့ ကလေးတွေအတွက် ပညာရေးပိုင်းမှာတော်တော်နစ်နာသွားတယ်။ ကလေးတွေက အတန်းတက်မလာဘဲ အရပ်တွေပဲရှည်ထွက်လာတယ်။ ဒီနှစ်မှာကျောင်းတက်ရမယ် ဆိုတော့ ကလေးကိုကျောင်းအပ် ထားပါတယ် နောက်ဘယ်လိုမျိုး ဖြစ်လာမယ်ဆိုတာတော့မသိပါဘူး။

မေး။ ။ လက်ရှိနိုင်ငံရေးအခြေအနေအရ ရခိုင်ပြည်အနေနဲ့ ငြိမ်းချမ်းမှုရှိနေတယ်လို့ပြောလို့ရတာပေါ့ နော်။ ဒါပေမယ့် ရေရှည်အခြေအနေအပေါ်မှာ ဘယ်လိုမျိုးစိုးရိမ်မှုတွေရှိနေပါသလဲ။

ဖြေ။ ။ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့တော့ စိုးရိမ်စိတ်တွေရှိပါတယ်။ တကယ်လို့ စစ်သာဖြစ် လာမယ်ဆိုရင် ကလေးတွေ အန္တရာယ်ကျရောက်မှာ ပညာရေးတွေနစ်နာသွားမှာစိုးပါတယ်။ ကျောင်းဖွင့်လိုသာလာသင်ရတာပါ ရေရှည်ကို တစ်ယောက်မှ စိတ်ချကြတာမဟုတ်ပါဘူး။

မေး။ ။ တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျောင်းသားမိဘတွေ၊ ဆရာ/မတွေ၊ ကျောင်းသားတွေ အားလုံးက ကျောင်းမတက်ဘဲ တိုက်ပွဲဝင်နေကြတယ်ပေါ့နော်။ ကျောင်းသားတွေရဲ့ပညာရေးကတော့ နစ်နာသွားမှာပေါ့၊၊ အဲဒီအပေါ်မှာရော ကျောင်းသားမိဘ တစ်ယောက်အနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ တစ်ခြားပြည်နယ်တွေမှာ စစ်ပွဲတွေဖြစ်နေတော့ ကလေးတွေကျောင်းမနေကြရဘူးလို့ ကြားပါတယ်။ ဒီလိုဖြစ်တာဟာ ကလေးတွေအနာဂါတ်အတွက်တော်တော်နစ်နာပါတယ်။ အဲဒီကလေး တွေက တကယ် တိုးတက်မယ့်နေရာတွေမှာမတိုးတက်တော့ဘဲ ထိခိုက်မှုရှိပါတယ်။ စစ်ဖြစ်ကြတော့ ကလေးတွေအနေနဲ့ ကိုယ့်အိမ်မှာကိုယ်မနေရဘဲ ထွက်ပြေးနေရတယ် ပညာလည်း မသင်ရဘူး ဆိုတော့ သူတို့အနေနဲ့ရော သူတို့မိဘတွေအနေနဲ့ပါ နစ်နာမှုရှိတာပေါ့။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြောရမယ်ဆိုရင် ကိုယ့်မြန်မာနိုင်ငံသားတွေ ထိခိုက်ရတာပါပဲ။

မေး။ ။ နောက်ပြီး ရခိုင်ပြည်မှာကျောင်းတက်ရတော့မယ်၊ အစိုးရယန္တရားတွေကလည်းပုံမှန်အတိုင်းလည်ပတ်နေတယ် ဆိုပြီး တစ်ခြားတိုင်းရင်းတွေနဲ့ ဗမာအများစုက အပြစ်မြင်တာတွေရှိတယ်ပေါ့နော်။ အဲဒီအပေါ်မှာရော ဘယ်လိုခံစားချက်မျိုးရှိပါသလဲ။

ဖြေ။ ။ သူတို့ရဲ့ ခံစားချက်ကိုလည်းအပြစ်ပြောလို့တော့မရပါဘူး။ ကိုယ်တို့အနေနဲ့ သူတို့လိုစစ်ဘေး ဒုက္ခကြုံနေရတုန်းကလည်း သူတို့ကိကြည့်ပြီး အဲလိုပဲခံစားဘူးခဲ့လို့ပါ။ ငါတို့ကလေးတွေကကျတော့ စာမသင်ရဘူး စစ်မြေပြင်မှာ ထွက်ပြေးနေရတယ်၊ စီးပွားရေးတွေ ပစ်ထားခဲ့ရတယ်၊ ပညာရေးတွေထိခိုက်တယ်၊ အခုထိကိုယ့်အိမ်ကို ပြန်မရောက်သေးတဲ့ သူတွေရှိနေပါသေးတယ်။ စစ်တွေမြို့မှာလည်းရှိတယ် တစ်ခြားနေရတွေမှာလည်း အများကြီးကျန်ပါသေးတယ်။ အဲလိုဆိုတော့ သူတို့ခံစားချက်တွေကိုလည်း အပြစ်ပြောလို့မရသလို ကိုယ်တို့ကိုလည်း သူတို့အနေနဲ့အပြစ်မတင်သင့်ပါဘူး။

ဒီမှာလည်း ၂ နှစ် ၃ နှစ်နစ်နာထားတာဆိုတော့ ဒီနှစ်မှာတော့ ကျမတို့ကလေးတွေပညာရေးက ထိခိုက်လို့မဖြစ်ပါဘူး။ စီးပွားရေးကျပ်တည်းတဲ့ ကြားကနေပြီး စာသင်ပေးရတာပါ။ ခုလိုသာ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေမယ်ဆိုရင် ရေရှည်အတွက်လည်း ကောင်းကျိုးမရှိနိုင်ပါဘူး။ ဖြစ်နိုင်ရင်တော့ တစ်နိုင်ငံလုံးက ကလေးတွေကို ပညာသင်စေချင်ပါတယ်။ ပညာမသင်ရင် ကလေးတွေ အနေနဲ့ သူတို့ရဲ့ အနာဂါတ်တွေ ရည်မှန်းချက်တွေ ထိခိုက်မှုရှိလို့ပါ။

https://www.facebook.com/westernnewsagency/posts/302028511603660

Leave a Reply

Your email address will not be published.