သဘာဝဒဏ်ကြောင့် ပျက်စီးသွားသည့် စညှင်းစစ်ဘေးရှောင်စခန်းကို အလှူရှင်းများ၏ အကူအညီဖြင့် ဆောက်လုပ်နေ

By Development Media Group (DMG)/ June 24

ဓာတ်ပုံ- သဘာဝနဒီ

လေဒဏ် မိုးဒဏ်ကြောင့် ပျက်စီးသွားသည့် မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်ခန်းကို ပြည်တွင်းပြည်ပ အလှူရှင်များ၏ အကူညီအညီဖြင့် ပြည်လည်ဆောက်လုပ်နေကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

ရခိုင်ပြည်အတွင်း မိုးအဆက်ပြတ်ရွာသွန်းမှု လေပြင်းတိုက်ခတ်မှုကြောင့် စညှင်းစစ်ဘေးရှောင်စခန်းတွင် တဲအိမ် ၃၀ ခန့်ပျက်စီးသွားပြီး ယင်းထဲမှ တဲအိမ် ၁၂ လုံးမှာ လုံးဝပျက်စီးသွားကြောင်း သိရသည်။

လက်ရှိတွင် တဲအိမ် ၁၀ ကျော်ခန့်ကို အကြမ်းအားဖြင့်သာ ဆောက်လုပ်ပြီးစီးကာနေပြီဖြစ်ကာ အဆိုပါတဲအိမ်များတွင် ဒုက္ခသည်များနေထိုင်ရန် ဆောင်ရွက်ပေးထားကြောင်း စခန်းတာဝန်ခံ သဘာဝနဒီ ပြောသည်။

“အခုဆောက်လုပ်နေတာက ၅ ရာခိုင်နှုန်းလောက်ပဲ ပြီးစီးတယ်လို့ပြောလို့ရမယ်။ ဝါးအခင်းတော့ ပြီးပြီ အကာမရှိသေးဘူး။ မိုးတွင်းကာလည်းဖြစ်တယ်။ မိုးကလည်း အလွန်ရွာနေတော့ အရေးအခြေအနေအရ တာလာပတ်တော့ကာတားတယ်” ဟု ဦးဇင်းသဘာဝနဒီက ဆိုသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ခြင်ထောင်အရေးပေါ်လိုအပ်နေပြီး ဆန်စားနှင့်ရိက္ခာမှာလည်း ၁၅ ရက်စာ အတွက်သာ ကျန်ရှိပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

စစ်ဘေးရှောင်စခန်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကြောင့် စညှင်း၊ ဟင်းခရော်၊ အင်ကြင်းစသည့် ကျေးရွာများမှ ဒေသခံများမှာ ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍  လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။

ယင်းစခန်းတွင် ယခင် စစ်ဘေးရှောင်ဦးရေ ၄၀၀ ကျော်အထိ ခိုလှုံခဲ့ကြပြီး တိုက်ပွဲများငြိမ်သက်နေသည့်အတွက် နေရပ်ပြန်သွားကြသူများရှိသဖြင့် လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ ၂၈၀ ကျော်ရှိသည်။

စညှင်းစစ်ဘေးရှောင်စခန်းသည် အစိုးရမှအသိအမှတ်ပြုစာရင်းထဲတွင် မပါအဝင်သည့်အတွက် ယင်းစခန်းမှ ဒုက္ခသည်များမှ လူမှုကူညီရေးအသင်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုကိုသာအားထား ကြရသည်။ ယင်းကြောင့် မကြာခဏရိက္ခာပြတ်လပ်မှုနှင့်ကြုံတွေ့ရသည်။

“ကျွန်မတို့အတွက် စားဝတ်နေရေးက အခက်အခဲအများကြီးကြုံရတယ်။ ရိက္ခာပြတ်တဲ့ အချိန်မှာဆိုရင် တစ်ယောက်မှာရှိတာကို အကုန်လုံးခွဲဝေစားသောက်ရတယ်။ တောင်ပေါ်ကိုလည်းတက်လို့မရ ဖြစ်သလိုစား သောက်နေရတယ်” ဟု စညှင်းစစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေသည့် ဒေါ်မာမာအေးက ပြောသည်။

စစ်ညှင်းစစ်ဘေးရှောင်စခန်းကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က မြောက်ဦးမြို့ မြတန်ဆောင်းဖောင်ဒေးရှင်းအဖွဲ့နှင့် ရက္ခိုင်ရဟန်းတော်များအဖွဲ့တို့မှ ပူးပေါင်းဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က စညှင်းစစ်ဘေးရှောင်စခန်းအားဖယ်ရှားပေးရန် တပ်မတော်မှသုံးကြိမ်တိုင်တိုင်ပြောဆိုမှုများရှိခဲ့ သော်လည်း စစ်ဘေးရှောင်များမှာ အခက်အခဲအမျိုးမျိုးကြောင့် မပြောင်းရွေ့ဘဲ လက်ရှိအချိန်ထိ နေထိုင်နေ ကြခြင်းဖြစ်သည်။

ဓါတ်ပုံ – ဦးဇင်းသဘာဝနဒီ

စညှင်းစခန်းဘဲရှောင်စခန်းမှာ ယခင်အစိုးရလက်ထက်တွင်လည်း တရားမဝင်စခန်းအဖြစ်သတ်မှတ်ထားခဲ့ပြီး လက်ရှိ စစ်ကောင်စီလက်ထက်တွင် အစိုးရအသိအမှတ်ရန် ကြိုးပမ်းခဲ့သော်လည်း တိုက်ပွဲငြိမ်သက်နေချိန် တွင် စစ်ရှောင်စခန်းအသစ်ခုအဖြစ်လက်ခံရန် မဖြစ်နိုင်ကြောင်း ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းပြောဆို ကြောင်း သဘဝနဒီက ၎င်း၏ပြောကြားချက်ကို ပြန်လည်ပြောဆိုသည်။

“ဒီစခန်းက စစ်ဘေးရှောင်တွေက လူသားတစ်ယောက်ရဲ့အခွင့်အရေးဆုံးရှုံးနေရတယ်” ဟု ဦးဇင်းသဘာဝနဒီက ပြောသည်။

လက်ရှိ ရခိုင်ပြည်အတွင်း တိုက်ပွဲများရပ်တန့်နေသဖြင့် နေရပ်သို့ပြန်ချင်သော်လည်း ကျေးရွာအနီး တပ်မတော်မှ တပ်စွဲထားသည့်အတွက် ရွာကိုမပြန်နိုင်သေးကြောင်း စညှင်းစစ်ဘေးရှောင်စခန်းခိုလှုံနေသည့် အင်ကြင်းကျေးရွာမှ ဦးတင်ဝင်းအောင်က ပြောသည်။

“ကိုယ့်ရွာကိုတော့ ပြန်ချင်တာပေါ့။ ကျွန်တော်တို့လယ်မလုပ်ရတာတစ်နှစ်ရှိပြီ ပြီးခဲ့တဲ့နှစ်ကလည်း စပါးရိတ် သိမ်းချိန် တိုက်ပွဲတွေဖြစ်လို့ မရိတ်ဘဲထားပြီး ထွက်ပြေးလာခဲ့ရတယ်။ တပ်မတော်က ကျေးရွာအနီးတပ်စွဲလို့ ရှိနေသရွေ့ ကျွန်တော်တို့အပြန်ရဲဘူး” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများရပ်တန့်နေသည်မှာ လက်ရှိတွင် ရှစ်လခန့် ကြာမြင့်နေပြီဖြစ်သည်။

တိုက်ပွဲများငြိမ်သက်နေသည့်အတွက် ဒုက္ခသည်တစ်ချို့နေရပ်ပြန်သွားကြသော်လည်း အများစုက နေရပ်မပြန်ဘဲရှိနေကြပြီး စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

https://www.facebook.com/dmgnewsagency/posts/2045481105604290

Leave a Reply

Your email address will not be published.