By Western News/ 2021 June 12
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ တောင်စောက်ကျေးရွာနှင့် ငပြယ်ကျေးရွာအကြားရှိ ရန်ကုန်-စစ်တွေအဝေးပြေး ကားလမ်းမကြီးပေါ်တွင် ဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ ကားများရာနှင့်ချီကာပိတ်ဆို့နေသည်ဟု ရန်ကုန်-စစ်တွေ ပြေးဆွဲနေသည့်ယာဉ်လိုင်းသမားများကပြောသည်။
အဆိုပါလမ်းမကြီးပေါ်တွင် စစ်တွေမှ ရန်ကုန်-မန္တလေးသို့သွားသည့်ခရီးသည်တင်ကားများနှင့် ကုန်ကားများ၊ အိမ်စီးကားများ ကားစီးရေ ၁၅၀ ခန့်ပိတ်မိနေပြီးရန်ကုန်- မန္တလေးမှ စစ်တွေသို့လာသည့် ကားစီးရေ ၅၀ ခန့်မှာလည်း ဇွန်လ ၁၀ ရက်နေ့မှစတင်ကာ လက်ရှိအချိန်ထိ ပိတ်ဆို့နေကြခြင်းဖြစ်သည်ဟု ရွှေပြည်သစ်မှ ယာဉ်မောင်း ကိုလင်းလင်းကပြောသည်။
“ ကားလမ်းမကြီးပေါ်မှာက ရွံ့တွေ အပြည့်ပဲ။ ကွန်ကရစ်လမ်းလည်းဖြစ်တော့ ကားတွေသွားလာလို့မရဘူး။ ရွေလမင်းကားနဲ့ကစ္ဆပကားနှစ်စီးဆိုရင် လမ်းချော်သွားလို့ ကားလမ်းနားဘေးကိုထိုးကျသွားကြတယ်။ အခုတော့ဆွဲတင်ထားပြီ။ စစ်တွေကပြည်မကိုသွားတဲ့ကားတွေကပိုများတယ်။ ပြည်မက ရခိုင်ကိုလာတဲ့ကားတွေကတော့ ၅၀ စီးလောက်ရှိတယ်။ အခုထက်ထိပိတ်ဆို့နေတုန်း”ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကားလမ်းနားဘေးတွင် မြေသားများပြိုကျရာမှ ယင်းမြေများသားများသည် ကားလမ်းတစ်လျှောက် ပြန့်ကြဲမှုကြောင့် ကားများသွား၍ မရဘဲယခုကဲ့သို့ ပိတ်နေခြင်းဖြစ်သည်ဟု ယာဉ်မောင်းနှင်းသူများက ပြောသည်။
https://www.facebook.com/westernnewsagency/posts/308863414253503