ရခိုင် မြို့နယ်၃ ခုမှ လူ ၆ ဦးတွင် တစ်ရက်တည်း၌ ကိုဗစ်-၁၉ ထပ်တွေ့

By Narinjara/ 2021 June 24

ချစ်အိလှိုင်

ရခိုင်တွင် ယမန်နေ့ (ဇွန်လ ၂၃ ရက်) တစ်နေ့ တည်း၌ မြို့နယ် ၃ ခုတွင် ကိုဗစ်ပိုးတွေ့ရှိသူ ၆ ဦး ရှိကြောင်း သတင်းရရှိသည်။

ထို (၆) ဦးအထဲတွင် ခရီးသွားမှတ်တမ်းမရှိဘဲ ဇွန်လ ၂၁ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့် စစ်တွေမြို့၊ မင်းဂံအကွက်(၇) ရပ်ကွက်မှ အမျိုးသမီးနှင့်ထိတွေ့သည့် သူမ၏ မိသားစုဝင် ၃ ဦးပါဝင်သည်ဟု သိရသည်။

တစ်ခြားတွေ့ရှိသူ ၃ ဦးမှာ မောင်တောမြို့နယ်ခရိုင်အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်း၁ ဦးနှင့် သံတွဲအကျဉ်းထောင်မှ အချုပ်သား ၂ ဦးတို့ဖြစ်ကြသည်။

စစ်တွေမြို့မှ ဇွန်လ ၂၁ ရက်နေ့ကကိုဗစ်ပိုးတွေ့ရှိသူအမျိုးသမီးမှာ ခရီးသွားရာဇာဝင်မရှိပါပဲ ချောင်းဆိုး၊ ဖျားနာလာသဖြင့် စစ်ဆေးရာ၌ ကိုဗစ်ပိုးတွေ့ရှိခဲ့သဖြင့် သူမ၏ မိသားစုဝင်များအား နေအိမ်ကွာရန်တင်း ထားရှိခဲ့ကြောင်း၊ ယမန်နေ့တွင် အဆိုပါမိသားစုဝင်များမှ သုံးဦးတွင် ကိုဗစ်ပိုးတွေ့ရှိခြင်းဖြစ်သည်ဟု စစ်တွေဆေးရုံအုပ်ကြီးဒေါက်တာကြည်လွင်က နိရဥ္စရာသတင်းဌာနအား အတည်ပြုပြောကြားသည်။

“ သုံးယောက်ထပ်တွေ့တာပါ။ ဟိုနေ့က မင်းဂံက အမျိုးသမီးရဲ့ မိသားစုဝင်တွေပါပဲ။ အမျိုးသမီး၊ အမျိုးသားကိုတော့ ကျွန်တော်လည်း ပြောလို့မရသေးဘူး။ ခရီးသွားနေရင်း ကားပေါ်မှာမို့ပါ” ဟုပြောသည်။

စစ်တွေဆေးရုံကြီးတွင် ယနေ့ထပ်မံတွေ့ရှိသည့်ကိုဗစ်လူနာများအပါအဝင် လူနာ ၄၆ ဦးထိရှိပြီဖြစ်သည်။

မောင်တောမြို့နယ်တွင် တွေ့ရှိခဲ့သည့် လူနာမှာ ဇွန်လ ၂ဝ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် ခရိုင်အုပ်ချုပ်ရေးမှူး၏ ရုံးဝန်ထမ်းတစ်ဦးဖြစ်ကြောင်း မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေးဌာန ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံက အတည်ပြုပြောကြားသည်။

၎င်းအပြင် ဇွန်လ ၂၃ ရက်နေ့က တောင်ကုတ်အချုပ်မှ သံတွဲ အကျဉ်းထောင်ကို ပို့ဆောင်လိုက်သည့် အချုပ်သား နှစ်ဦးကိုစစ်ဆေးထားသည့် အဖြေတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း တောင်ကုတ် ဆေးရုံအုပ်ကြီး ဒေါက်တာလှထွန်းဇော်က ပြောသည်။

ရခိုင်ပြည်နယ်တွင် မေလ ၁၂ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အတွင်း မောင်တောမြို့မှ ကိုဗစ် အတည်ပြုလူနာ ၆ ဦး၊ စစ်တွေမြို့မှ ၇၇ ဦးနှင့် သံတွဲအကျဉ်းထောင်မှ အချုပ်သား ၂ ဦး စုစုပေါင်း ကိုဗစ်အတည်ပြုလူနာ ၈၅ ဦးအထိတွေ့ရှိထားပြီဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4436436793035030

Leave a Reply

Your email address will not be published.