By Narinjara/ 2021 June 12
ချစ်အိလှိုင်၊ အောင်လင်းထွန်း
ရခိုင်လက်နက်ကိုင်တော်လှန်ရေးနှင့်ပတ်သက်၍ ရေးသားထားသည့် “ လက်နက်ကိုင်တော်လှန်ရေးနှင့် စိန်ခေါ်မှုများ”အမည်ရှိ စာအုပ်တစ်အုပ် မကြာသေးမီက ထွက်ရှိလာသည်။
ဇွန်လအစောပိုင်းကထွက်ရှိလာသည့်အဆိုပါစာအုပ်ကို စာရေးဆရာခိုင်မင်းညိုက ရေးသားထားခြင်းဖြစ်ပြီး ရခိုင်ပြည်တပ်မတော်(AA) အပါအဝင် ရခိုင်လက်နက်ကိုင်တော်လှန်ရေးသမားများ၏ အခက်အခဲများနှင့် စိန်ခေါ်မှုများအကြောင်းကို ရေးသားထားခြင်းဖြစ်သည်ဟု စာရေးသူက ပြောသည်။
စာရေးဆရာခိုင်မင်းညိုက “ရခိုင်ပြည်သူတွေကိုလည်း ရခိုင်တော်လှန်ရေးရဲ့သမိုင်းတွေကို သိစေချင်တယ်။ နောက်တစ်ချက်က တော်လှန်ရေးလုပ်နေကြတဲ့ လူတွေ၊ တချို့လက်လှမ်းမမီတဲ့ ရဲဘော်တွေ၊ ခေါင်းဆောင်တွေကိုကအစ ကျွန်တော့်စာအုပ်ကိုဖတ်လိုက်တာနဲ့ ဘယ်နေရာမှာ ဘာတွေဖြစ်ခဲ့လဲ၊ ဘာတွေမှာ ပြဿနာတွေဖြစ်ခဲ့လဲ။ ဘာအမှားတွေရှိခဲ့လဲဆိုတာ အဲဒီလူတွေကိုရောသိစေချင်တယ်။ နောက်တစ်ချက်က တော်လှန်ရေးနဲ့ဆန့်ကျင်ဘက် အစိုးရတပ်တွေကိုလည်း ဘယ်လိုတွေ ရင်ဆိုင်ခဲ့ရလဲ၊ တော်လှန်ရေးဘာလို့လုပ်ရလဲဆိုတာကို သိစေချင်တယ်။ ဒါမှနှစ်ဘက် ဆွေးနွေးရာမှာ အဆင်ပြေနားလည်မှုတွေ ရှိလာနိုင်မယ်။ ဒါကြောင့်ရေးခဲ့တာပါ။” ဟုပြောသည်။
၄င်းစာအုပ်အား ၁၉၉ဝ ပြည့်နှစ်မှ ၂ဝ၁၄ ခုနှစ်အထိ စာရေးသူ ခိုင်မင်းညိုကိုယ်တိုင် နှစ်ပေါင်း (၂ဝ)ကျော်အကြာ တော်လှန်ရေးဖြတ်သန်းမှုကာလအကြောင်းကို အခြေခံ၍ ရေးသားထားခြင်းလည်းဖြစ်သည်။
ယခုစာအုပ်တွင် ရခိုင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALA/ALP) ၊ ရခိုင်ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(AASYC) ၊ ရခိုင်အမျိုးသားညီညွတ်ရေးပါတီ(NUPA)၊ ယခုလက်ရှိ ရက္ခိုင့်တပ်တော်(AA)မှ ဗိုလ်မှူးကြီးကျော်ဟန်တို့ဖြင့် လက်တွဲလုပ်ဆောင်ခဲ့သည်များကို ထည့်သွင်းရေးသားထားသည်ဟု စာရေးသူက ဆိုသည်။
“ကျွန်တော်က တစ်ဖွဲ့တစ်ပါတီတည်းနဲ့ လုပ်ခဲ့တာမဟုတ်ဘဲ ဟိုအဖွဲ့၊ ဒီအဖွဲ့တွေနဲ့ဆက်စပ်လုပ်ခဲ့တယ်။ အဖွဲ့အစည်းတွေမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကို စေ့စေ့စုံစုံဖော်ပြထားတာဖြစ်တယ်။ ရခိုင်တော်လှန်ရေးအဖွဲ့ပေါင်းစုံအကြောင်းကို ရေးထားတာပေါ့။” ဟုပြောသည်။
အဆိုပါစာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၁၂ ရက်နေ့၊ နေ့လယ် ၁ နာရီကလည်း စစ်တွေမြို့၊ မင်းဘာကြီးလမ်းရှိ ရခိုင့်ညွန့်ဖူးပန်းချီပြခန်းနှင့် ကဖီးဆိုင်တွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့တက်ရောက်လာသည့် စာရေးဆရာ အောင်ကြည်မိုး (သင်ပုန်းတန်း) က “ကျနော်တို့ရခိုင်တော်လှန်ရေး ကွင်းဆက်တွေမပြတ်အောင် ဒီဆရာတွေ ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ တော်လှန်ရေးအတွေ့အကြုံတွေကို တွေ့မြင်ခံစားရတော့ တကယ်ဝမ်းသာပါတယ်။ ဒီလိုစာအုပ်မျိုးထွက်လာလို့ ကြိုဆိုတယ်။ အမြဲတမ်းမျှော်လင့်နေတယ်။ ကျနော်တို့ နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးတွေရေးတဲ့အချိန်မှာ အခုထွက်လာတဲ့ ဆရာခိုင်မင်းညိုရဲ့ လက်နက်ကိုင်တော်လှန်ရေးနှင့် စိန်ခေါ်မှုစာအုပ်ကို ကိုးကားပြီးရေးဖြစ်လာမယ်”ဟု ပြောသည်။
ယခုထွက်ရှိလာသည့်စာအုပ်ကို ပထမဆုံးအကြိမ်အဖြစ် အုပ်ရေ ၁ဝဝဝ ထုတ်ဝေထားပြီး တစ်အုပ်လျှင် ကျပ် ၃ ထောင်ဖြင့် စစ်တွေအပါအဝင် မြို့နယ်အချို့တွင် ရောင်းချနေကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4404340639577979