ရခိုင်မှ ရေကြောင်းလိုင်းများ ခရီးသွားရာဇဝင်စိစစ်၍ PPE ဝတ်စုံဝတ်ရမည်

By Western News/ 2021 June 26

ရခိုင်တွင် ရေကြောင်းခရီးသွားလာနေသူများအား ခရီးသွားရာဇဝင်စိစစ်၍ PPE ဝတ်စုံဝတ်ဆင်ပေးကြောင်း ရေကြောင်းလိုင်းပြေးဆွဲနေသူများထံမှသိရသည်။

ရေယာဉ်တွင်လိုက်ပါမည့် ခရီးသည်များ၏ သွားလာထားသည့်နေရာများကို စိစစ်၍လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထိုအထဲတွင် မာန်အောင်မြို့သည် ရန်ကုန်နှင့် ကူးလူးဆက်ဆံမှုများသည့်အတွက် မာန်အောင်-တောင်ကုတ် ရေကြောင်းခရီးစဉ်ကို PPE ဝတ်စုံဖြင့်သာ လိုက်ပါခွင့်ပြုထားကြောင်း ရွှေပြည်တန်မန်နေဂျာ ဦးစံမော်သိန်း မှပြောသည်။

“ခရီးစဉ်တွေမှာ ခရီးသွားရာဇဝင်ကိုကြည့်ပြီး ဝတ်စုံဝတ်ခိုင်းတာတွေလုပ်ဆောင်နေပါတယ်။ မာန်အောင်ဘက်တွေကတော့ ရန်ကုန်နဲ့အသွားအလာပိုများတယ်။ အဲဒါကြောင့် အဲဒီဘက်ကို ဒီလိုဝတ်စုံတွေနဲ့ပဲ ခရီးသွားဖို့ စီစဉ် ထားတယ်။Covid ရောဂါပြန့်ပွားမှုမရှိအောင် တားဆီးကာကွယ်တဲ့သဘောမျိုးပါ။ ဝတ်စုံတွေကိုတော့ ဦးထုတ်အပါအဝင် တစ်စုံလုံး ၄၀၀၀ ကျပ်နဲ့ခရီးသည်တွေကို ရောင်းပေးပါတယ်”

ဟုဆိုသည်။

Covid ကာကွယ်မှုအတွက် ကောင်းသည်ဟုဆိုသော်လည်း စီးပွားရေးကျပ်တည်းနေသည့်ယခုကာလမျိုးတွင် ခရီးစရိတ်အတွက် ငွေကြေးပိုကုန်ကျနေရပြီ ဖြစ်ကြောင်း မာန်အောင်မြို့မှ ကိုဆန်းလှိုင် မှပြောသည်။

“Covid ကာကွယ်ရေးလုပ်တာမျိုးဆိုတော့ ကောင်းတာပေါ့လေ၊၊ ဒါပေမယ့် ခရီးစရိတ်က ပိုကုန်ကျသွားတယ် အရင်က ၁၀၀၀၀ ဆို ခု ၁၄၀၀၀ ဖြစ်သွားပြီ။ ခုလိုစီးပွားရေးကျပ်တည်းတဲ့ကာလမျိုးမှာ စိတ်မသက်သာစရာတစ် ခုပါပဲ”

ဟုဆိုသည်။

မာန်အောင်-တောင်ကုတ်ရေကြောင်းလိုင်းကို ရွှေပြည်တန် ရေယာဉ်အပြင် ရွှေလင်းယုန်ရေယာဉ်လည်း ပြေးဆွဲနေပြီး ၎င်းရေယာဉ်တွင်လည်း PPE ဝတ်စုံများဝတ်ဆင်ရကြောင်း သူကဆက်ပြောသည်။

ဤသို့ ရေကြောင်းခရီးသွားများအား PPE ဝတ်စုံဝတ်ဆင်စေခြင်းကို ယနေ့ ဇွန်လ ၂၆ ရက်နေ့မှ စတင်၍လုပ်ဆောင်ခြင်းဖြစ်ပြီး Covid အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲရှိမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်တွင် Covid ပိုးတွေ့ရှိသူမှာ ၉၀ ကျော်ရှိပြီဖြစ်ကာ ပိုးတွေ့ လူနာမှာ စစ်တွေနယ်စပ်ကုန်သွယ်ရေးမှအများဆုံးဖြစ်ပြီး မောင်တောနှင့် သံတွဲမြို့တို့တွင်လည်း Covid အတည်ပြုလူနာများတွေ့ရှိထားသည်။

https://www.facebook.com/westernnewsagency/posts/317858696687308

Leave a Reply

Your email address will not be published.