By Western News/ 2021 June 25

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လူအခွင့်ရေးချိုးဖောက်မှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြ၍ ဖမ်းဆီးခံခဲ့ရသည့် ရခိုင်ပြည်ကျောင်းသား ၄ ဦးအမှုကို စစ်တွေခရိုင်တရားရုံး၌ ယနေ့ ဇွန်လ၂၅ ရက်တွင် ရုံးထုတ်စစ်ဆေးခဲ့သည်။
အပါဆိုပါကျောင်းသား ၄ ဦးအမှုတွင် တရားနှစ်ဦးရှိပြီး လိုပြသက်သေ ၁၂ ဦးရှိကာ လက်ရှိတွင် လိုပြသက်သေ ၁၃ ဦးအား စစ်ဆေးပြီ ဖြစ်၍ အမှုစစ်တစ်ဦးသာစစ်ဆေးရန်ကျန်သည်ဟု အမှုလိုက်ပါ ဆောင်ရွက်ပေးနေရှေ့နေ ဦးလှအောင်သိန်းက ပြောသည်။
“ဒီနေ့တော့ လိုပြသက်သေ တစ်ဦးဖြစ်တဲ့ ရဲအုပ်ထွန်းထွန်းကိုစစ်ဆေးပါတယ်။ ၅၀၅ နဲ့စွဲထားတဲ့အမှုမှာ လိုပြသက်သေ (၆) ရှိရာမှာ အားလုံးကိုစစ်ပြီးပါပြီ။ အမှုစစ်တစ်ဦးသာစစ်ဆေးရန်ကျန်တော့တယ်။ အမှုစစ် ရဲအုပ်တင်လင်းမောင်ပါ။ လာမယ့် ဇူလိုင် ၂ ရက်နေ့ကို ထပ်မံချိန်းလိုက်ပါတယ်”ဟုပြောသည်။
ယင်းဆန္ဒပြမှုကြောင့် စစ်တွေမြို့နယ်ရဲစခန်းမှ ရဲမှူးဦးဇော်နိုင်မှ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) နှင့် တရားစွဲဆိုထားသလို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ဇံဝေမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ၂၉ စသည့်ပုဒ်မနှစ်ခုဖြင့်တရားစွဲဆိုထားခြင်းဖြစ်သည်။
အဆိုပါကျောင်းသားလေးဦးမှာ ပြီးခဲ့သည့် ၂၀၂၀-ခုနှစ် အောက်တိုဘာလ ၁၉ ရက်ကစစ်တွေမြို့ပေါ်၌ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government၊ No Murder Army၊ ဖက်ဆစ်စစ်တပ်အလိုမရှိ၊ Burmese Government Get Out၊ Burmese Army Get Out စသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။
အဆိုပါကျောင်းသား ၄ ဦးမှာ စစ်တွေကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထွန်းတို့ ဖြစ်သည်။
ပြီးခဲ့သည့်၂၀၂၀ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှုကြောင့် ဆန္ဒထုတ်ဖော်ခဲ့ကြသော ကျောင်းသား ၃ ဦးအား စစ်တွေမြို့နယ် အမှတ်(၁)ရဲစခန်းမှ ရဲမှူးဇော်နိုင်က ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့်တရားလိုလုပ်ကာတရားစွဲဆိုခဲ့သည်။ အဆိုပါအမှုအတွက် ပြီးခဲ့သည့် မေလ ၆ ရက်နေ့က စစ်တွေခရိုင်တရား ရုံးက ဒဏ်ငွေ နှစ်သောင်းကျပ် ချမှတ်ခဲ့သည်။
လက်ရှိ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ ၂၉ ဖြင့်တရား ရင်ဆိုင်နေရသည့်ကျောင်းသားလေးဦးမှာ အကျဉ်းထောင်တွင်နေရသည်မှာ ၈ လကျော်ထိကြာမြင့်နေပြီဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/317231776750000