ရခိုင်မှ ကိုဗစ် ပိုးတွေ့လူနာများတွင် ရောဂါလက္ခဏာ မပြ

By Narinjara/ 2021 June 17

ထက်အောင်

ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ပိုးတွေ့လူနာများသည် ရောဂါလက္ခဏာ မပြသူများဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် မေလမှစပြီး ရခိုင်ပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးမှတဆင့် ဝင်ရောက်လာသူများကို အသွားအလာကန့်သတ်ကာ ရောဂါပိုးစစ်ဆေးမှုများပြုလုပ်လျက်ရှိရာ ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့တစ်ရက်တည်းတွင်ပင် ကိုဗစ် ပိုးတွေ့ရှိသူ (၁၁) ဦး ရှိခဲ့ကြောင်း သိရသည်။

ပိုးတွေ့လူနာအများစုမှာ နယ်စပ်ကုန်သွယ်ရေးမှ လှေ အလုပ်သမားများဖြစ်ကာ ထိုကုန်သွယ်ရေးသမားများသည် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်ဝင်လာသူဖြစ်ကြောင်းနှင့် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသည့် မူဆလင်များလည်း ပါဝင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသရေးမှူး ဒေါက်တာကြည်လွင်က “ မနေ့က စစ်တွေမှာ ကိုဗစ် ပိုးစစ်ဆေးမှုတွေလုပ်ပါတယ်။ စစ်ဆေးတာက (၇၂) ယောက်ကို ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးပါတယ်။ အဲဒီမှာ စစ်တွေက (၁၀) ယောက်တွေ့ပါတယ်။ သူတို့တွေအားလုံးကတော့ နယ်စပ်ကုန်သွယ်ရေးက ပြန်ဝင်လာတဲ့ သင်္ဘာတွေနဲ့ မော်တော်ဘုတ်တွေက လူတွေ စစ်ဆေးတာဖြစ်ပါတယ်။ နောက်ပြီး မောင်တောက တစ်ယောက်တွေ့ပါတယ်။ (၁၂) ယောက်ကို စစ်ဆေးတာမှာ (၁) ယောက်တွေ့တာပါ။ မောင်တောကနေ စစ်တွေသို့ ဓာတ်ခွဲနမူနာတွေကို ပို့လိုက်တယ်။ ဒေါက်တာတို့က ဒီမှာ စက်ကြီးနဲ့ စစ်ဆေးပါတယ်။” ဟု ပြောပြသည်။

၎င်းတို့အားလုံးသည် ရောဂါလက္ခဏာ ပြသူမရှိဘဲ ကျန်းမာရေးကောင်းမွန်ကြောင်းလည်း ဆိုသည်။

ယမန်နေ့က မောင်တောတွင် တွေ့ရှိသည့် ကိုဗစ်ပိုးတွေ့လူနာမှာ တစ်ဖက်နိုင်ငံက ခိုးဝင်လာသည့် အသက် (၂၀) ကျော်အရွယ်ဖြစ်ပြီး စစ်တွေတွင် ကိုဗစ်ပိုးတွေ့သူများထဲတွင် တရားဝင်နယ်စပ်ကုန်သွယ်ရေးမှ ပြန်လာသူများဖြစ်ကြကာ အသက်အရွယ်အားဖြင့် အသက် (၃၀) နှစ် ခန့်နှင့် (၅၀) ကျော်အရွယ် များဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ဒါရိုက်တာ အဖွဲ့ဝင် ဦးခိုင်ကောင်းစံက “ ရခိုင်မှာဆိုရင် ကိုဗစ် ဒုတိယလှိုင်းတုန်းကလည်း အသေအပျောက်ရှိခဲ့တယ်။ အခုလက်ရှိမှာလည်း ကိုဗစ်ကူးစက်မှုတွေရှိနေတယ်။ ဒါကြောင့် ကျနော်တို့ လူမှုအဖွဲ့အစည်းတွေအနေနဲ့တော့ ကျန်းမာရေးအရ ရခိုင်ပြည်နယ်မှာ ကိုဗစ် ၁၉ ကူးစက်မှုဖြစ်တာ၊ ကူးစက်မှုမြင့်လာတာရှိတယ်ဆိုရင်တော့ နိုင်တဲ့ဖက်က ကျနော်တို့ကူညီပေးနိုင်ဖို့ မျော်လင့်ပါတယ်။” ဟု ပြောသည်။

လက်ရှိအချိန်ထိ ပြည်နယ်တွင်း ကိုဗစ်ပိုးတွေ့ရှိသူဦးရေ (၃၆) ဦးထိရှိရာ ထိုအထဲမှ ရောဂါပိုးကင်းစင်၍ ဆေးရုံမှ ဆင်းခွင့်ရသူ (၁၃) ဦးရှိပြီး သေဆုံးသူမရှိကြောင်း သိရသည်။

ပြည်နယ်တွင်း ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ကိုဗစ် ၁၉ ဒုတိယလှိုင်း ပြင်းထန်စွာ ကူးစက်မှုကို ကြုံခဲ့ရပြီး ထိုအချိန်က ကိုဗစ်ပိုး တွေ့ရှိသူများထဲတွင်လည်း ရောဂါလကက္ခဏာမပြသည့် လူနာများရှိခဲ့ကာ သေဆုံးသူ (၃၇) ဦးနှင့် ရောဂါပိုးကူးစပ်ခံရသူ (၄၂၆၄) ဦးရှိခဲ့ကြောင်း ကျန်းမာရေးဌာန၏ စာရင်းအရ သိရသည်။

https://www.facebook.com/narinjara.info/posts/4417225454956164

Leave a Reply

Your email address will not be published.