ရခိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ၃၁ ဦးထပ်တွေ့

By RFA/ 2021 June 18

■ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇွန်လ ၁၇ ရက် မနေ့က ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ လူနာသစ် ၃၁ ဦး ထပ်တွေ့ရတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က RFAကို ဒီကနေ့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးသွားလာနေတဲ့ သင်္ဘောကိုးစီးပေါ်က လူ ၆၄ ဦးကို သီးသန့်စောင့်ကြည့်ပြီး စစ်ဆေးရာမှာ အဲဒီအထဲက လူ ၃၁ ဦးမှာ အခုလို တွေ့ရှိတာလို့ဆိုပါတယ်။

အဲဒီလူနာတွေဟာ အရင်က ပိုးတွေ့ လူနာတွေလို နှာ‌းစေးတာ ချောင်းဆိုးတာစတဲ့ ရောဂါလက္ခဏာ မပြဘဲ ကျန်းမာရေး အခြေအနေကောင်းမွန်ပြီး အခုလက်ရှိ စစ်တွေဆေးရုံကြီးမှာ ဆေးကုသပေးနေတယ်လို့လည်း ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

အဲဒီ နယ်စပ်ကုန်သွယ်ရေးကနေ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ လူနာ ၁၀ ဦး တွေ့ရှိခဲ့ပြီး အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးကနေ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့သူ လူနာပေါင်းဟာ ၆၇ ဦးရှိသွားပြီ ဖြစ်ပါတယ်။

မောင်တောမြို့ နယ်မှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင် လမ်းကြောင်းကနေ ခိုးဝင်လာတဲ့ မွတ်စလင်နှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိထားတယ်လို့ သိရပါတယ်။

အဲဒါကြောင့် ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က စလို့ အချိန်တစ်လကျော် ကာလအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ လူနာစုစုပေါင်း ၆၉ ဦးအထိရှိသွားပြီဖြစ်ပါတယ်။

https://www.facebook.com/rfaburmese/posts/10161171409328128

Leave a Reply

Your email address will not be published.