By RFA/ 2021 June 30
ရခိုင်ပြည်နယ်ထဲမှာ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှုတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုများလာတယ်လို့ စစ်တွေရုံးခွဲ Legal Clinic Myanmar အဖွဲ့နဲ့ ရခိုင်ရှေ့ဆောင် အမျိုးသမီးအဖွဲ့တို့ရဲ့ ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။
စစ်ရေးပဋိပက္ခတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ဒုက္ခသည်စခန်းတွေမှာလည်း လုံခြုံမှုမရှိတာကြောင့် သူတို့အတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေမှာ ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။
Legal Clinic Myanmar အဖွဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်အတွင်းမှာ ကလေးသူငယ် အဓမ္မပြုကျင့်ခံရမှုဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ခြောက်မှု၊ ၂၀၁၉ ခုနှစ်က ငါးမှု၊ ၂၀၂၀ ခုနှစ်မှာ ၂၀ မှုနဲ့ အခု ၂၀၂၁ ခု နှစ်မှာ ငါးမှုအထိ ရှိခဲ့တယ်လို့ RFA ကိုပြောပါတယ်။
ဒါ့အပြင် ဒီနှစ်ထဲမှာ အမျိုးသမီး ၃၀ နီးပါး အဓမ္မပြုကျင့်ခံရတယ်လို့ ရခိုင်ရှေ့ဆောင် အမျိုးသမီးအဖွဲ့က ပြောပါတယ်။
ကလေးသူငယ်တွေ အဓမ္မပြုကျင့်ခံရမှုတွေ များလာတာဟာ ကလေးသူငယ် အခွင့်အရေးကို မလေးစားတာ၊ ကလေးသူငယ်တွေက ချဉ်းကပ်ရလွယ်တာနဲ့ အခုလို မဖြစ်အောင် စောင့်ကြည့်ကာကွယ်ပေးတဲ့ ယန္တရားတွေ မရှိကြောင့်လို့ Legal Clinic Myanmar အဖွဲ့ရဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်မြသူဇာ က RFA ကို ပြောပါ တယ်။
“ဒီသက်ငယ်မုဒိမ်းမှုတွေ အဓိကဖြစ်ပွားရတဲ့အကြောင်းကပေါ့နော်၊ ကလေးသူငယ် အခွင့်အရေးကို မလေးစားတဲ့အတွက်ဖြစ်တယ်။ နောက်တစ်ခုက ကလေးသူငယ်တွေဆိုတာ ချဉ်းကပ်ရတာ ပိုပြီး လွယ်ကူတယ်။ နောက်ပြီးတော့ တချို့ကျတော့ ဥပဒေမှာပါတဲ့ ပြဌာန်းချက်တွေကိုသိရှိမှု အားနည်းတယ် ပေါ့နော်။ ပြီးတော့ ကလေးတွေ အဲဒီလို မဖြစ်ရအောင် စောင့်ကြည့်တဲ့ ကာကွယ်ပေးတဲ့ ယန္တရားတွေ မရှိဘူးပေါ့နော်။ အဲဒီတွေက ကလေးသူငယ်တွေ အဓမ္မပြုကျင့်ခံရတဲ့ အကြောင်းအရင်းပါပဲ”
အဓမ္မပြုကျင့်ခံရတဲ့ ကလေးသူငယ်တွေထဲမှာ အသက် ၁၈ နှစ်အောက်ကနေ အသက် ၁၂ နှစ် အောက်အထိ ပါဝင်ပြီး တရားခံတွေ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် သူတို့အတွက် တရားမျှတမှုတွေ မရကြသေးဘူး လို့လည်း ဒေါ်မြသူဇာက ပြောပါတယ်။
တရားခံ ထွက်ပြေးလွတ်မြောက်နေတဲ့အမှုဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ခြောက်မှုရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပီပင်ရင်း စစ်ဘေးဒုက္ခသည်စခန်းမှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က အသက် ၉ နှစ်အရွယ် ကလေးတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ စခန်းတာဝန်ခံ ဦးသိန်းကျော်မြ က RFA ကို ပြောပါတယ်။
“ဇွန်လ လေးရက်နေ့က သက်ငယ်မုဒိမ်းမှုတစ်ခု ဖြစ်သွားတာမှန်ပါတယ်။ ကျွန်တော်တို့ စစ်ဘေးဒုက္ခ သည်စခန်းမှာ ဖြစ်သွားတာပါ။ ကျွန်တော့်တို့ စခန်းမှာ ကလေးမလေးတစ်ယောက် အိပ်နေတာ သူ့သမီးနဲ့ အတူတူအိပ်နေတာပါ။ ဆယ်နာရီလောက်မှာ သူက ရောက်လာတယ်။ ရောက်လာတဲ့အခါမှာ သူ့ သမီး မဟုတ်ဘဲနဲ့ အခုပြစ်မှုကျူးလွန်ခံရတဲ့ ကလေးမလေးကို အပြင်ကို ခေါ်သွားတယ်။ မုန့်ကျွေးမယ် ပိုက်ဆံ ပေးမယ်ပြောပြီး ကွင်းပြင်ကိုခေါ်သွားတယ်။ ကွင်းပြင်မှာ အဓမ္မပြုကျင့်တာ”
အဓမ္မကျူးလွန်းခဲ့တဲ့သူကိုတော့ နောက်တစ်ရက်ညနေပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားပြီး အခုလက်ရှိ သူ့ကို ဘယ်လိုအပြစ်ပေးအရေးယူသလဲ အခြေအနေကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။
အဲဒီလို ရခိုင်ပြည်နယ်မှာ ကလေးသူငယ်တွေ အဓမ္မပြုကျင့်ခံရမှုများလာသလိုပဲ အမျိုးသမီးတွေ အဓမ္မပြု ကျင့်ခံရတာ၊ အကြမ်းဖက်ခံရတာ၊ လုံခြုံမှုမရှိတာ စတာတွေကိုလည်း တွေ့ရပြီး ဒီနှစ်အတွင်းမှာတင် အမျိုးသမီး အဓမ္မပြုကျင့်ခံရသူ ၃၀ နီးပါးရှိတယ်လို့ ရခိုင်ရှေ့ဆောင် အမျိုးသမီးအဖွဲ့က ပြောပါတယ်။
“အဓိကကတော့ ကျူးလွန်သူတွေကို အချိန်မီဖမ်းဆီးအရေးယူနိုင်ဖို့အတွက် တာဝန်ရှိသူတွေအနေနဲ့ အရေးတယူ လုပ်ပေးဖို့လိုတယ်”
ဒါတွေကို တာဝန်ရှိသူတွေအနေနဲ့ ကျူးလွန်သူတွေကို အချိန်မီဖမ်းဆီးပြီး အရေးယူပေးဖို့ လိုအပ်သလို အခုလိုမျိုးထပ်မဖြစ်အောင်လည်း လုပ်ဆောင်ပေးဖို့လိုတယ်လို့ ရခိုင်ရှေ့ဆောင် အမျိုးသမီးအဖွဲ့ရဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူက RFA ကို ပြောပါတယ်။
“အခုလိုဆက်ပြီးတော့ ဖြစ်လာမှာကို ကျွန်မတို့ အများကြီးစိုးရိမ်ပါတယ်။ အဓိကကတော့ ကျူးလွန်သူ တွေကို အချိန်မီဖမ်းဆီးအရေးယူနိုင်ဖို့အတွက် တာဝန်ရှိသူတွေအနေနဲ့ အရေးတယူ လုပ်ပေးဖို့လိုတယ်။ အဲဒီအပြင် ကျွန်မတို့ လူမှုအဖွဲ့အစည်းကစလို့ ကျူးလွန်သူတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ အမှန်တရား ဖော်ထုတ်ဖို့အတွက် ဝိုင်းဝန်းပြီးတော့ ကာကွယ်စောင့်ရှောက်သင့်တယ်လို့ ကျွန်မ ပြောချင်တယ်။ ပြီးတော့ ပြည်သူ လူထုတွေကြားမှာ ဆိုလို့ရှိရင်လည်း အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုတွေ ပပျောက်သွား နိုင်ဖို့အတွက် ပညာပေးတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ လိုအပ်တယ်လို့ ကျွန်မအနေနဲ့ မြင်ပါတယ်”
ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်က မဦးခင်သိန်းကလည်း ရခိုင်ပြည်နယ်မှာ ကလေးသူငယ်တွေနဲ့ အမျိုး သမီးတွေ အဓမ္မပြုကျင့်ခံရမှုများလာတာကို တွေ့ရပြီး အခုလက်ရှိ စစ်ရေးပဋိပက္ခတွေ၊ နိုင်ငံရေး မတည်ငြိမ် မှုတွေကြားမှာ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေအတွက် စိုးရိမ်စရာ ကောင်းလာတယ်လို့ RFA ကို ပြောပါတယ်။
“အခု ရခိုင်မှာ ကျွန်မတို့ တွေ့သလောက်ပေါ့နော်၊ အဓမ္မပြုကျင့်ခံရမှုတွေက အရမ်းများလာတယ်။ အဲဒီအထဲမှာမှ ကလေးသူငယ်တွေ အဓမ္မပြုကျင့်ခံရမှုတွေက ပိုများလာတယ်ပေါ့နော်။ ဒါကြောင့် ကလေးသူငယ်တွေအတွက်လည်း ပိုပြီးစိုးရိမ်စရာကောင်းတဲ့ အနေအထားဖြစ်လာတယ်။ ဘာလို့လဲ ဆိုလို့ရှိရင် အခုလက်ရှိ စစ်ပွဲတွေကတစ်မျိုး၊ ပြီးတော့ အခုလက်ရှိ နိုင်ငံရေး အခြေအနေကတစ်မျိုး။ ပြီးလို့ရှိရင် ကိုဗစ်ကလည်းတစ်မျိုး ဒီလိုရှုပ်ထွေးနေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြားထဲမှာ အခုလို အဓမ္မပြုကျင့်ခံရမှုတွေများလာတဲ့အတွက် ကျွန်မတို့ အမျိုးသမီးတွေအတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေတစ်ခုဖြစ်လာတယ်လို့ မြင်ပါတယ်”
အခုလို ရခိုင်ပြည်နယ်အတွင်းမှာ အလေးသူငယ်တွေ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတာတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကတော့ တရားရုံးကို ရောက်လာတဲ့အမှုတွေကို ဥပဒေနဲ့အညီ စစ်ဆေးပြီး ထိရောက်တဲ့ ပြစ်ဒဏ်တွေပေးနေတယ်လို့ RFA ကို ပြောပါတယ်။
“ကလေးမုဒိမ်းတွေကို တွေ့တယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့က ဥပဒေနဲ့အညီ အမှုစစ်ဆေး တရားစွဲ ထိရောက်တဲ့အထိ ထိရောက်တဲ့ပြစ်ဒဏ်တွေ ပေးနေတာပေါ့နော်။ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ လည်း ဒီအမှုတွေဖြစ်ခဲ့တယ်။ တရားရုံးတွေကို စွဲတင်လာတယ်ဆိုလို့ရှိရင်လည်း တရားရုံးကနေ ဒီနေ့အထိ ထိထိရောက်ရောက် ပြစ်ဒဏ်တွေပေးနေတာ တွေ့ပါတယ်။ ကျွန်တော်တို့ ဥပဒေဖက်တွေကလည်း တရားရုံးမှာ နိုင်ငံတော်ကိုယ်စား ကလေးသူငယ်အမှုတွေ အမျိုးသမီးတွေကို အကြမ်းဖက်တဲ့မှုခင်းတွေမှာ ထိရောက်တဲ့ပြစ်ဒဏ်တွေရဖို့ ဥပဒေရုံး အသီးသီးကလည်း ပူပေါင်းပါဝင်ကြိုးစားလျှက်ရှိတယ်လို့ ပြောလိုပါတယ်”
တရားခံတွေ ထွက်ပြေးနေတာနဲ့ ပတ်သက်ပြီးတော့လည်း ဖမ်းဆီးမိဖို့အတွက် စိစစ်ဆောင်ရွက်နေတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့်လည်း အမျိုးသမီး လေးသောင်းကျော်ဟာ အခုအချိန်ထိ စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေရဆဲဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ရဲ့ စာရင်းတွေအရ သိရပါတယ်။
အဲဒီဒုက္ခသည်စခန်းတွေမှာလည်း လုံခြုံမှုမရှိတာကြောင့် အခုလို နိုင်ငံရေး မငြိမ်မသက်မှုဖြစ်နေတဲ့ အချိန်မှာ သူတို့အတွက် စိုးရိမ်ကြောင့်ကြမိတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက ပြောကြပါတယ်။
ဒါကြောင့် အာဏာပိုင်အဖွဲ့အစည်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့စည်းတွေအပြင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအနေနဲ့ အမျိုးသမီးတွေကို ကာကွယ်ပေးဖို့ကို တောင်းဆိုနေကြပါတယ်။
https://www.facebook.com/rfaburmese/posts/10161200894683128
https://www.rfa.org/burmese/news/children-and-women-rape-in-rakhine-state-06302021073251.html