By VOA/ 2021 June 1

ရခိုင်မြောက်ပိုင်း မင်းပြားမြို့နယ်အတွင်းက ပေါက်တောမွတ်ဆလင်ကျေးရွာမှာ သောက်သုံးရေ မသန့် ရှင်းတာကြောင့်ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်ပြီး မနေ့ကအထိ တစ်နှစ်အောက် ကလေးငယ် ၈ ဦးသေဆုံးခဲ့ပါတယ်။ ရေရှားမှုကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်သူ ၂၀၀ကျော်ရှိပါတယ်။ ဆေးရုံတင်ကုသနေသူတွေထဲမှာ စိုးရိမ်ရသူတွေရှိနေပါတယ်။ ရခိုင်ပြည်နယ်က လာတဲ့သတင်းအပြည့်အစုံကို ကိုအောင်မြတ်သူက တင်ပြပေးပါမယ်။
ရခိုင်မြောက်ပိုင်း ၊ မင်းပြားမြို့နယ်အတွင်းက နဂရာကျေးရွာအုပ်စု ပေါက်တောမွတ်ဆလင် ကျေးရွာမှာ သောက်သုံးရေ မသန့် ရှင်းတာကြောင့် ဝမ်းပျက် ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေပါတယ်။ ရာနဲ့ချီပြီး ဝမ်းပျက် ဝမ်းလျှော်ဖြစ်နေကြတာမှာ မေလ ၃၀ ရက်နေ့အထိ တစ်နှစ်အောက်ကလေးငယ် ၈ ဦး သေဆုံးခဲ့တယ်လို့ နဂရာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းက ပြောပါတယ်။
“ကလေးတွေကတော့ အန်တယ်။ ဝမ်းသွားတယ်။ ကလေးက အခုဆိုရင် ၈ ယောက်သေပြီ ၆ လ ၇ လ ၅ လ ကလေးတွေ ဖြစ်တာ။ အကြီးဆုံးကတော့ တစ်နှစ်သားတွေပေါ့။ ၃၀ ရက်နေ့က ၈ နာရီလောက်မှာ တစ်ယောက် သေတယ်။ လူဦးရေကတော့ ဆရာဝန်ပြောပြချက်အရ ၂၀၀ ကျော်လောက်တော့ရှိတယ်။ လူကြီးတွေကတော့ သိပ်မဖြစ်ဘူး လူကြီးတွေက နည်းတယ်။”
အဲဒီ ပေါက်တော မွတ်ဆလင်ကျေးရွာဟာ မင်းပြားမြို့နဲ့ ၁၅မိုင်ခန့် အကွာမှာရှိပြီး လူဦးရေလေးထောင်ကျော်လောက် နေထိုင်တဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။ အဲဒီကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လကတည်းက ကျေးရွာအတွင်းရှိ ရေကန်တွေမှာ ရေခန်းခြောက်သွားတာကြောင့် ချောင်းရေကို သောက်သုံးနေရတာပါ။
ဒေသခံကျေးရွာသားတွေဟာ ချောင်းရေကို ကျိုချက်ပြီးမသောက်သုံးကြသလို အမှည့်လွန် ရာသီပေါ် သစ်သီးတွေကို စားနေကြတာကြောင့်အခုလို ဝမ်းလျှော ဝမ်းပျက် ရောဂါဖြစ်ရတာဖြစ်တယ်လို့ ဆရာဝန်ပြောပြချက်အရ သိရတယ်လို့ နဂရာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကပြောပါတယ်။
“ဒီလ ၂၆ ရက်နေ့က ဖြစ်တာပါစလို့ ဘယ်လို ဖြစ်တာလည်းဆိုတော့ သူတို့က အစားအသောက်တွေ ရေတွေက သုံးလပိုင်းလောက် ကတည်းက ချောင်းရေကို တင်ထားရတာ။ နေပူပြင်းတဲ့ အချိန်မှာတော့ ရေတွေက ပွတာပေါ့။ အဲတာကို သူတို့က သရက်သီးစားတယ်။ ပိန္နဲသီးမှည့်တွေ စားတယ်။ အဲဒီရေတွေကို ကျိုချက်ပြီး မသောက်လို့ ဒီလိုဖြစ်တာ။”
ရောဂါဖြစ်ပွားသူအများစုဟာ ငါးနှစ်အောက်ကလေးတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရောဂါဖြစ်ပွားနေတဲ့ လူနာ ၂၀၀ ကျော်ထဲက စိုးရိမ်ရတဲ့ လူနာတွေကို မင်းပြားမြို့နယ်အတွင်းက ပန်းမြောင်းဆေးရုံနဲ့ မြောင်းဗွေဆေးရုံတွေမှာ ကုသမှုခံယူနေကြပါတယ်။ တစ်ချို့ကလည်း ကျေးရွာအနီးအနား မှာရှိတဲ့ ကျေးလက်ဆေးခန်းတွေမှာ ကုသနေကြပါတယ်။
ကန်းရိုးတန်းဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်က ကျေးလက်ဒေသ တော်တော်များများမှာ နွေရာသီ ရောက်တိုင်း နှစ်စဉ်ရေရှား ပါးမှုနဲ့ရင်ဆိုင်ကြရပါတယ်။ အခုလိုမိုးဦးကာလတွေမှာ ရံဖန်ရံခါ မိုးရွာသွန်းတဲ့အခါ ရွှံ့ရေတွေပါ ရေကန်တွေထဲဝင်ကုန်တဲ့အတွက် ရေတွေမသန့်တော့ဘဲ
ပိုပြီး သောက်သုံးရေ ရှားပါးတာ၊ ဝမ်းပျက် ဝမ်လျှောရောဂါဖြစ်တာတွေ နှစ်စဉ် လိုလို ရင်ဆိုင်နေကြရတယ် လို့လည်း ရခိုင်ပြည်နယ်အတွင်း ပရဟိတလုပ်ငန်းတွေ လုပ်ကိုင် နေတဲ့ ကိုအမ်းသားကြီးက ပြောပါတယ်။
“မင်းပြားမြို့နယ်တောင်ပိုင်းက ဆိုလို့ရှိရင် အကုန်လုံးနီးပါး ရေရှားတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရ တယ်။ မင်းပြားမြို့နယ် ဖက်မှာ ချောင်းရေတွေ သုံးလို့မရဘူး။ ကန်ရေတွေကလည်း မိုးက ရွာလိုက်တဲ့ အခါကျတော့ ရေကနောက်နေတယ်။ ကန်ဘောင်းရိုးက အညစ်အကျေးတွေ ဆင်းနေတာရယ်။ ဖုန်မုန့်တွေ အရယ်ပျော်သွားတာနဲ့ ဆိုတော့ အကုန်လုံး နောက်ကျိနေ တယ်ဆိုတော့ မင်းပြားမြို့နယ်သမကာ ရခိုင်ပြည်နယ် နေရာအနှံ့မှာ ရေရှားပါးမှူတွေ ဖြစ်နေ တာကတော့ အမှန်ပဲဗျာ သောက်သုံးရေလေ။”
လက်ရှိမှာတော့ ဝမ်းရောဂါ ဖြစ်ပွားနေတဲ့ ပေါက်တော မွတ်ဆလင်ကျေးရွာကို သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေကလည်း လာရောက်စစ်ဆေးတာတွေရှိသလို သောက်သုံး ရေ လာရောက်လှူဒါန်းသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
https://www.facebook.com/VoA.Burmese.News/posts/10159190711645170