ရခိုင်ပြည်ရှိ စစ်ဘေးရှောင်စခန်းများတွင်ငွေကြေးမတတ်နိုင်၍ ကျောင်းထွက်လိုက်ရသည့် ကလေးငယ်များရှိနေ

By Western News/ 2021 June 6

မိမိနေရပ်သို့ မပြန်နိုင်သေးဘဲ ရခိုင်ပြည်က မြို့နယ်အသီးသီးရှိ စစ်ဘေးရှောင်စခန်းများတွင် ယာယီခိုလှုံနေကြရ သည့် စစ်ဘေး ဒုက္ခသည် စခန်းများတွင် စစ်ဘေးဒုက္ခသည်ဦးရေ ယနေ့ထိ ၁၁၀၀၀၀ ကျော်ထိရှိနေသေးဟု ရခိုင် တိုင်းရင်း သားမျိုးနွယ်များ အစည်းအရုံး REC၏ စာရင်းများအရသိရှိရသည်။

ယင်းထဲမှာ ၃ ပုံ ၁ ပုံခန့် ၃သောင်းကျော်ခန့်မှာ အခြေခံ ကျောင်းနေအရွယ် ကလေးငယ်များဖြစ်သည်ဟုလည်း REC ၏ စာရင်းများ အရသိရှိရသည်။ယင်း ၃ သောင်းကျော်ခန့်ထဲမှာ တစ်ချို့သော စစ်ဘေးဒုက္ခသည် ကလေးငယ်များမှာ မိဘများ ငွေကြေးမတတ်နိုင်သည့်အခက် အခဲများကြောင့် ပညာသင်ကြားမှုကို ရပ်နားထားရ ကလေးငယ်အများအပြားရှိနေသည်ဟု စစ်ဘေး ရှောင် စခန်းများ၏ တာဝန်ရှိသူများထံမှသိရှိရသည်။

မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် အခြေခံအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၀၀ နီးပါး ခန့်ရှိပြီး မူလတန်းအလယ်တန်း ကလေးငယ်များမှာ စင်းဘောကိုင်းကျေးရွာတွင် တက်ရောက်နေသူများရှိသော်လည်း အလယ်တန်း၊ အထက်တန်း ကလေးငယ်များမှဦ ငွေကြေးမတတ်နိုင်သည့်အတွက် ကျောင်းထွက်ရသူများရှိသလို ယခုအချိန်ထိ ကျောင်းမအပ်ရသေးသူများရှိသည်ဟု စခန်းတာဝန်ခံ ဦးညီဘုက ပြောသည်။

“စစ်ဘေးရှောင်စခန်းမှာက ကျောင်းနေအရွယ် ကလေး ၄၀၀ နီးပါးရှိတယ်။ မူလတန်းတွေက များတာပေါ့။ အလယ်တန်းက ၄၀ နဲ့ ၅၀ ကြားရှိတယ်။ အထက်တန်းကတော့ ၂၀ နဲ့ ၃၀ ကြားရှိတာပေါ့။ ကျန်တာက မူလတန်းတွေ မူလတန်းတွေကတော့ ဒီမှာပဲ တက်နေကြပါပြီ။ ဒါပေမယ့် ဘာထောက်ပံ့မှုမှ မရှိတဲ့အတွက် ကလေးတွေမှာ လွယ် အိတ်တွေတောင်မရှိတဲ့သူတွေအများကြီး။ အလယ်တန်းအထက်တန်းကလေးတွေဆိုရင်လည်းအဲ့လိုပဲ မိဘတွေမှာမှာ ငွေကြေးမတတ်နိုင်တဲ့အတွက် ကျောင်းဆက် မတက်နိုင်တာတွေအများကြီးရှိပါသေးတယ်။ခုတောင် ကျောင်းမ အပ်ရသေးတာတွေအများကြီးပါ”ဟုပြောသည်။

မင်းပြားမြို့နယ် အမ်းသားရွာ စစ်ဘေးရှောင်စခန်းတွင်လည်း မူ၊ လယ်၊ ထက် ကျောင်းသားဦးရေ ၁၅၀ ရှိပြီး မူလတန်း နှင့်အလယ်တန်းမှာ အမ်းသာရွာတွင်တက်ရောက်ကြပြီး အထက်တန်းများမှာ မိမိတို့စရိတ်ဖြင့် အနီးရှိ ဂြင်းဒိုက်ကျေးရွာတွင် တက်ရောက်ရမည်ဖြစ်သည့်အတွက် ငွေကြေးမတတ်နိုင်၍ကျောင်း ထွက်လိုက်ရသည့် ကလေးငယ်များရှိသည်ဟု စခန်းတာဝန်ခံ မ သန်းသန်းဌေးကပြောသည်။

အလားတူပင် မြောက်ဦးမြို့ မြို့ဦးဂေါင်း စစ်ဘေးရှောင်စခန်းတွင်လည်း ကျောင်းနေအရွယ်ကလေးငယ် မူ၊ လယ်၊ ထက်စုစုပေါင်း ၁၆၀ နီးပါထိရှိပြီး ယင်းထဲမှ နီးစပ်ရာမိမိ တို့ကျေးရွာများတွက် သွားရောက် တက်ရောက်နေကြသော်လည်း ရပ်ဝေးမှ ရောက်ရှိလာသည့် စစ်ဘေးရှောင်မိသား စုများမှ သားသမီးများမှာ ကျောင်းမတက် ရောက်နိုင်ကြသေး ကြောင်းမြို့ဦးခေါင်းကျောင်းထိုင်ဆရာတော် ကြီးကမိန့်သည်။

ကျောက်တော်မြို့တွင် အကြီးဆုံးစစ်ဘေးရှောင်စခန်းတစ်ခုဖြစ်သည့် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် စ ခန်းရှိ မူ၊ လယ်၊ ထက် ကျောင်းသား၊ကျောင်းသူ များ ၅၀၀ နီးပါးထိရှိပြီး ယင်းထဲမှ မူလတန်းနှင့် အလယ်တန်း ကလေးငယ်များမှာ ညောင်ချောင်းကျေးရွာတွင် ကျောင်းအပ်နှံတက် ရောက်ကြပြီး အထက်တန်း ကျောင်းသား /သူများ မှာစခန်းအနီးရှိ သရက်တစ်ပင်ကျေးရွာ တွင် မိမိတို့ စရိတ်များ ဖြင့် တက်ရောက်နေကြရသည်ဟု စခန်းတာဝန် ခံကိုခိုင်မျိုးကပြောသည်။

မြို့နယ်အသီးသီးရှိ စစ်ဘေးရှောင် ကလေးများကို နီးစပ်ရာ စာသင်ကျောင်းများတွင်သင်ကြားပေးရန် ညွှန်ကြား ထားပြီ ဖြစ်ကြောင်းလည်း ရခိုင်ပြည် ပညာရေးဦးစီးဌာမှ ဒုညွှန်ကြားရေးမှူး ဒေါက်တာဦး ထွန်းထွန်းသိန်းက Western News သို့ပြောသည်။

“ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းက ကလေးတွေက စာသင်နိုင်ရေးအတွက် နီးစပ်တဲ့ စာသင်ကျောင်းတွေမှာ စာသင်ကြားကြဖို့ ညွှန်ကြားပြီးသားဖြစ်ပါတယ်”ဟုပြောသည်။

လက်ရှိကောင်စီကလည်း စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် ဖိအားပေးမှုများရှိနေသလို စစ်ဘေးရှောင်များ နေရပ် ပြန်လျှင်လည်း ကျေးရွာကစာသင်ကျောင်းများတွင် ပညာသင်ရန်အတွက် ဆရာ၊ ဆရာမ မလုံလောက်မှု အခက်အခဲများရှိနေသည်ဟု စစ်ဘေးရှောင် အရေးကူညီဆောင်ရွက်ပေးနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ် များအစည်းအရုံးမှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောသည်။

“လက်ရှိမှာ စစ်ကောင်စီက စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ ဖိအားပေးတာတွေရှိတယ်။ တကယ်လို့ သူတို့ နေရပ်ကိုပြန်ရင်ကော သူတို့ကလေးတွေစာသင်ဖို့ စာသင်ကျောင်းက အဆင်ပြေမလား။ စာသင်ပြပေးမယ့် ဆရာ/ ဆရာမတွေကတော့ အဲ့လို တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ နေရာကို စာလာပြီးသင်ဝံ့ပါ့မလားဆိုတာရှိတယ်။ ဆိုတော့ စစ်ဘေး ရှောင်ကလေးတွေအတွက် တိကျသေချာတဲ့ အဖြေဟာမရှိဘူး။ စစ်ဘေးရှောင်စခန်းတွေမှာတော့ ယာယီ ဆောင်တွေနဲ့ သင်ကြားတာတွေရှိတာပေါ့။ ငွေကြေးနည်းနည်း တတ်နိုင်တဲ့သူတွေက မြို့ကျောင်းတွေမှာ ကျောင်း အပ် လို့ရ တယ်။ ငွေကြေးလုံးဝမတတ်နိုင်တဲ့ မိဘ တွေကတော့ သူတို့ကလေးတွေကို စာမသင်နိုင်တာအများကြီး ပါ”ဟုပြောသည်။

ယင်းပြင် အထက်တန်း ကလေးငယ်များ ကျောင်းဆက်တက်နိုင်ရန်အတွက် နိုင်ငံခြားအဖွဲ့အစည်းနှင့် အရပ်ဖက်အဖွဲ့အစည်းတို့၏ အကူအညီလိုအပ်ပြီး ရခိုင်တိုင်းရင်းသားမျိုးနွယ် များအစည်းအရုံးအနေဖြင့်လည်း အကူအညီပေးနိုင်ရန်ကြိုးစားနေသည်ဟု ၎င်းကဆက်ပြောသည်။

ရခိုင်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် အေအေတို့ကြား ၂ နှစ်ကျော်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး နောက် မိမိနေရပ်ကို စွန့်ခွာ၍ ဘေးလွတ်ကိုထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးဒုက္ခသည်အဖြစ်ခိုလှုံနေရသူများ မှာ ယခုနှစ် ဇွန်လအထိ ၁ သိန်း ၁သောင်းကျော်ထိရှိနေသေးသည်။

https://www.facebook.com/westernnewsagency/posts/305104174629427

Leave a Reply

Your email address will not be published.