By RFA/ 2021 June 11
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ ကျောင်းမတက်ရေး လှုပ်ရှားမှုတွေလုပ်နေချိန် ရခိုင်ပြည်နယ်မှာတော့ အခုနှစ် ကျောင်းဖွင့်ရာသီမှာ ကျောင်းတက်သူ ၉၇ ရာခိုင်နှုန်းကျော်ရှိတယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဌာနက ပြောပါတယ်။
ရခိုင်ဒေသခံတွေကတော့ ကျောင်းတက်ဖို့အတွက် အားပေးတာဟာ အာဏာရှင်ကို ကူညီတာမဟုတ်ဘဲ ရခိုင်အမျိုးသားရေးအတွက် ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေခံပညာ စာသင်ကျောင်းတစ်ကျောင်းမှာ စာမသင်ခင် ရခိုင့်အလံကို လွှင့်ထူပြီး ရက္ခိုင့်နိုင်ငံတော် သီချင်းကို ကျောင်းသားတွေ သီဆိုနေကြတာပါ။
အရင်တုန်းကသီဆိုခဲ့တဲ့ “တရားမျှတ၊ လွတ်လပ်ခြင်းနဲ့မသွေ” အစချီတဲ့ မြန်မာနိုင်ငံတော် သီချင်းအစား ရက္ခိုင့်နိုင်ငံတော်သီချင်းကို ကျေးလက်ဒေသ ကျောင်းတချို့မှာ အခုနှစ်အတွင်း ပြောင်းလဲသီဆို လာကြပါတယ်။
ဒါပေမဲ့ အဲဒီကျောင်းတွေရဲ့ နေရာဒေသအတိအကျကို ဒေသခံတွေက လုံခြုံရေးအခြေအနေအရ တရားဝင် ပြောဖို့ ဆန္ဒမရှိကြပါဘူး။
စစ်တွေခရိုင်က မြို့နယ်တစ်ခုမှာ တာဝန်ကျနေတဲ့၊ အမည်မဖော်လိုသူ ကျောင်းဆရာတစ်ဦးက
“ဒါဟာ အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ရာကနေ ကိုယ်ပိုင်မူတစ်ခု ထူထောင်ဖို့ ကြိုးစားနေ ကြတာ”လို့ ပြောပါတယ်။
“ရခိုင်လူမျိုးတွေဟာ အာဏာရှင်ကို တော်လှန်တယ်။ နောက်ပြီးတော့ ဖက်ဆစ်တော်လှန်ရေးကို တော်လှန်တယ်ပေါ့နော်။ ကိုယ့်လူမျိုးတွေအပေါ်မှာ အနိုင်ကျင့်နေတဲ့ လူ့အသိုင်းအဝိုင်းကြီး တစ်ခုလုံးကို ကျွန်တေ်ာတို့က လက်နက်ကိုင်တဲ့နည်းနဲ့ တော်လှန်နေတယ်ပေါ့။ AA/ULA ရဲ့နောက်မှာ တော်လှန်တယ် ပေါ့။ သူတို့ တော်လှန်မှုအောက်မှာ ငါတို့ ပညာရေးအသိုင်းအဝိုင်းကရော မလုပ်ပေးနိုင်ဘူးလားဆိုတဲ့ အတွေးတစ်ခု စဉ်းစားတယ်ပေါ့လေ။ ငါတို့ ပညာရေးကလည်း ငါတို့ နိုင်တဲ့ပုံစံမျိုးနဲ့ ငါတို့ လုပ်မယ်ဆိုတဲ့ အသိတရားအပေါ်မှာလိုက်ပြီး ရက္ခိုင့်နိုင်ငံတော် သီချင်းရယ်၊ ပြီးတော့ ဆရာတွေကို နှုတ်ဆက်တဲ့ပုံစံ တွေရယ် အားလုံးပေါ့နော်။ နောက်ဆိုရင် ဒီထက်စိတ်ဆန္ဒ ပြင်းပြလာမယ်လို့မြင်တယ် ”
ရခိုင်ဒေသမှာ ကျောင်းတွေဖွင့်ပြီး ကျောင်းတက်နေကြတာဟာ အာဏာရှင်ကို ထောက်ခံကူညီနေကြတာ မဟုတ်ဘဲ အမျိုးသားရေး ရည်ရွယ်ချက်အတွက် ကျောင်းတက်နေကြတာဖြစ်ပြီး၊ ရခိုင်ဒေသနဲ့ ရခိုင်လူမျိုး တွေအပေါ် ခေတ်အဆက်ဆက် အစိုးရတွေက ပစ်ပယ်ထားခဲ့တာကြောင့် ရခိုင်လူထုဟာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးမှရတော့မယ်ဆိုပြီး၊ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကစလို့ ရခိုင်မြောက်ပိုင်းက မြို့နယ်အများစုမှာ၊ ကိုယ်ပိုင်ဒေသ အုပ်ချုပ်ရေးနဲ့ ကိုယ်ပိုင်တရားစီရင်ရေး ကဏ္ဍတွေကို ရက္ခိုင့်တပ်တော်(AA)က တည်ဆောက် လာတာ တွေ့ရပါတယ်။
တရားစီရင်ရေးကဏ္ဍမှာဆိုရင် ရက္ခိုင့်တပ်တော်(AA/ULA)က သင်တန်းပေး ခန့်အပ်ထားတဲ့ တရားသူကြီးတွေ၊ ရှေ့နေတွေနဲ့အတူ ကိုယ်ပိုင်တရားရုံးနဲ့ အမှုစီရင်နေတာလည်းဖြစ်ပါတယ်။
“ဒါဟာ အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ရာကနေ ကိုယ်ပိုင်မူတစ်ခု ထူထောင်ဖို့ ကြိုးစားနေကြတာ”
အခုလက်ရှိ သင်ကြားနေတဲ့ ပညာရေးကဏ္ဍမှာလည်း ရခိုင်အမျိုးသား ပညာရေးစနစ်တစ်ခုကို စတင်ပြောင်း လဲဖို့ ရက္ခိုင့်တပ်တော်ရဲ့ ဒေသအုပ်ချုပ်ရေးလူကြီးတွေ ဆွေးနွေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ဒေသအုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်သူအချို့ကို RFA က မေးမြန်းဖို့ကြိုးစားရာမှာ တရားဝင်ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ကြပါတယ်။
ရခိုင်ဒေသမှာ တာဝန်ကျနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောင်းဆရာ တစ်ဦးကတော့ ရခိုင်ဒေသနဲ့ ကိုက်ညီမယ့် ပညာရေးသင်ရိုးတစ်ခု ပေါ်ပေါက်လာဖို့ မျှော်လင့်နေကြောင်း ပြောပါတယ်။
“သူတို့ အုပ်စိုးထားတဲ့ ဗမာအကြောင်းပဲ။ အဓိကတော့ သမိုင်းဗျာ။ သမိုင်းမှာရှိတဲ့ ဗမာတွေပေါ့နော်။ အနော်ရထာတို့၊ ကျန်စစ်သားတို့ပဲ ထပ်ကာတလဲလဲ အဲဒါတို့ ကျွန်တော်တို့က မလိုချင်ဘူး။ အဓိက ကျွန်တော်တို့ လိုချင်တာကတော့ တိုင်းရင်းသားတွေမှာရှိတဲ့ ဘုရင်တွေ၊ ကျွန်တော်တို့ ရခိုင်မှာ ဘုရင် တွေရှိတယ်။ မွန်တွေမှာလည်း ဘုရင်တွေရှိတယ်။ ကျွန်တော်တို့မှာ သင်ရိုးညွှန်းတမ်း ဆွဲရမယ်ပေါ့နော်။ ရခိုင်နဲ့ပတ်သက်ရင် ရခိုင်သင်ရိုးပေါ့။ ဥပမာဗျာ ရခိုင်ဆိုတော့ ပင်လယ်နားနီးတယ်။ ပင်လယ်နားနီးတော့ အဏ္ဏဝါသိပ္ပွံတို့ အဲဒီအကြောင်းတွေကို ကျွန်တော်တို့ အများကြီးလေ့လာရမယ်”
ရခိုင်ပြည်နယ်မှာ ဖွင့်လှစ်ပြီး ကျောင်းတွေပျက်မသွားရေးအတွက် ဆရာ၊ ဆရာမတွေသာမက ကျောင်းသား မိဘတွေကပါ ပြောဆိုတိုက်တွန်းနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း တစ်နိုင်ငံလုံး အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ပြီး ကျောင်းတွေ ပိတ်ထားရချိန်၊ ရခိုင်မှာ ကျောင်းတွေဖွင့်လှစ်ပြီး ပညာသင်နေကြတဲ့အပေါ် ပြစ်တင်ဝေဖန်တာတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက ရခိုင်မြောက်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေ၊ ကိုရိုနာကပ်ရောဂါတွေကြောင့် ကလေးတွေ ပညာရေးကို ကောင်းကောင်း မသင်ယူနိုင်ခဲ့ကြပါဘူး။ ဒါကြောင့် အခုလို ဒေသတည်ငြိမ်အေးချမ်းနေတဲ့ အချိန်မှာ ကျောင်းထားရတာလို့ မြောက်ဦးမြို့နယ်က ကျောင်းသား မိဘတစ်ဦးဖြစ်တဲ့ ဦးစိုးနိုင်က RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ကတော့ တစ်နိုင်ငံလုံးဖြစ်တဲ့ကိစ္စမှာ ကျွန်တော်တို့ ရခိုင်က ပိုဆိုးတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ဒီလိုအကြမ်းဖက်မှုတွေ၊ တိုက်ပွဲတွေဖြစ်တဲ့အချိန်မှာ ဗာမာပြည်မှာ အေးဆေးပဲ။ သူတို့ ကျောင်းနေလို့ဘာမှ ပြဿနာမရှိဘူး။ စီးပွားရေးပဲလုပ်လုပ် လုပ်ခဲ့ကြတာပဲ။ အခု ဒီအချိန်ကျမှ ရခိုင်တွေ ဘာ လုပ်တယ်ဆိုတာကတော့ ဒါဟာကိုယ်ချင်းမစာလို့ပဲလို့ ပြောချင်ပါတယ်။ ကျောင်းထားတာကတော့ သားသမီးကို ပညာတက်စေချင်လို့ပေါ့။ အဲဒါကြောင့် ကျောင်းထားမှဖြစ်မယ်။ တစ်နှစ်ကျော် နှစ်နှစ် လောက်အထိ နားထားတယ်ဆိုတော့ ကလေးတွေရဲ့ပညာရေးကလည်း တော်တေ်ာကို ဝေးကွာနေတော့ အခုလောလောဆယ် ရခိုင်မှာ တိုက်ပွဲတွေလည်း မရှိဘူး။ နောက် ဆူပူအုံကြွမှုလည်း မရှိဘူး ဆိုတော့ အေးဆေးတည်ငြိမ်နေတဲ့ အနေအထားအရ ကျောင်းထားသင့်တယ်ဆိုပြီး အဲဒီလိုထားနေကြတာပါ”
ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းသိန်းကတော့ ကျောင်းတွေမှာ မြန်မာနိုင်ငံတော်သီချင်းနဲ့ မြန်မာနိုင်ငံအလံကိုပဲ လွှင့်ထူသီဆိုဖို့ သတ်မှတ်ထားတာဖြစ်ပြီး၊ အခုလို ရက္ခိုင့် နိုင်ငံတော် သီချင်းကို ပြောင်လဲသီဆိုလာတဲ့ကိစ္စ သူ့အနေနဲ့ မသိရှိကြောင်း ပြောပါတယ်။
“ကျွန်တော်တို့ကတော့ အဲဒါတွေကိုတော့ မသိဘူးဗျ။ ကျွန်တော်တို့ဌာနရဲ့ မူဘောင်သတ်မှတ်ချက်ကတော့ နိုင်ငံတော်သီချင်းကို ပုံမှန်အတိုင်းဆိုရမယ်။ နိုင်ငံတော်အလံကို လွှင့်တင်ရမယ်။ အဲဒါကမှ ကျွန်တော်တို့ ဌာနရဲ့ မူဘောင်သတ်မှတ်ချက် ဖြစ်ပါတယ်ခင်ဗျ။ အဲဒီဟာတွေကိုတော့ ကျွန်တော်တို့ မသိဘူးဗျ”
ရခိုင်ပြည်နယ်မှာ အခုနှစ် ကျောင်းဖွင့်ရာသီအတွင်း စာသင်ကျောင်းပေါင်း သုံးထောင့်သုံးရာကျော် ၃၃၀၉ မှာ ကျောင်းတက်သူ ဦးရေ လေးသိန်းလေးသောင်းကျော် ၄၄၂,၉၈၆ ဦးရှိပြီး ဒါဟာ တစ်ပြည်နယ်လုံး စုစုပေါင်း ကျောင်းသားဦးရေရဲ့ ၉၈ ရာခိုင်နှုန်းနီးပါးရှိတယ်လို့ ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းသိန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ လက်ရှိအခြေအနေမှာ တစ်နိုင်ငံလုံးနဲ့နှိုင်းယှဉ်ရင် ကျောင်းတက်ရာခိုင်နှုန်း အများဆုံး ဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်တွေက ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ၊ စစ်ရေးပဋိပက္ခတွေကြောင့် စာသင်ကျောင်းပေါင်း ၁၂၈ ကျောင်းဟာ ဒီနေ့အထိ ပိတ်ထားရဆဲဖြစ်ပါတယ်။
https://www.rfa.org/burmese/news/rakhine-state-school-06112021040011.html