ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)မှ ဗဟိုတွဲဖက်အတွင်းရေးမှူးဦးကျော်ကျော်လင်းအပါဝင် သုံးဦးပြန်လွတ်

By Western News/ 2021 June 30

နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (က)၊ ငြိမ်းစုစီပုဒ်မ ၁၉ တို့ဖြင့် တရားစွဲခံထားရသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)မှ ဗဟိုတွဲဖက်အတွင်းရေမှူး ဦးကျော်ကျော်လင်း အပါဝင် ၃ ဦးအား ယနေ့ဇွန်လ ၃၀ ရက်တွင်ပြန်လည် လွတ်မြောက်လာသည်။

နိုင်ငံတဝန်း တရားရင်ဆိုင်နေရသည့် အကျဉ်းသား ၂ဝဝဝ ကျော်ကို ဇွန်လ ၃ဝ ရက်တွင် ပြန်လွှတ်ပေးရာတွင် ၎င်းတို့ပါဝင်လာခြင်းဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်းက Western News ကိုပြောသည်။

“တောင်ကုတ်က ကျွန်တော်တို့ ၃ ယောက်လွတ်လာတာပါ။ အခုပဲ ညနေ ၄ နာရီ ရုံးပိတ်ချိန်လောက်မှာ တရားရုံးက ကျွန်တော်တို့ကို အမှုရုတ်သိမ်းလွှာတင်ပြီး လွှတ်ပေးလိုက်တာပါ။ အခုက စီမံကောင်စီကနေပြီး ကျွန်တော်တို့ကို လွှတ်မယ့် လူအယောက် ၂၀၀၀ စာရင်းမှာကျွန်တော်တို့ပါတယ်။ အဲဒီမှာပါတဲ့အတွက်ဖြစ်လို့လွတ်ပေးတာဟု” သူကပြောသည်။

၎င်းတို့ ၃ ဦးကို ၅၀၅ (က) ဖြင့်စွဲဆိုထားသည့် အမှုအား ရုတ်သိမ်းပြီး လွှတ်ပေးလိုက်ပြီး ဖြစ်သော်လည်း သူတို့သည် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ကို ဆက်လက်၍ တရားရင်ဆိုင်ရဦးမည် ဖြစ်ကြောင်းသိရသည်။

အခုလိုလွတ်မြောက်လာခြင်းနှင့် တစ်စုံတစ်ရာပြောကြားလိုခြင်းမရှိဘဲ နောက်ပါတီခေါင်းဆောင်တွေနှင့် တိုင်ပင်ပြီးလုပ်စရာရှိတာတွေ ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းကဆက်ပြောသည်။

“ကျွန်တော်တို့က ပါတီစုံဒီမိုကရေစီစနစ်ကိုယုံကြည်ပြီး ဖယ်ဒရယ်ပြည်ထောင်စုသွားမယ်ဆိုပြီးတော့ ပါတီတွေထောင်ပြီးအရွေးခံနေကြတဲ့ နိုင်ငံရေးပါတီတွေ ဖြစ်တယ်။ နောက်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် လုံးဝ အမြစ်ပြတ်သွားဖို့အတွက် ပါတီတည်ထောင်ကတည်းက ရည်းမှန်းထားတဲ့ပါတီ တစ်ပါတီဖြစ်ပါတယ်။ ဒါကြောင့် ပါတီစုံဒီမိုကရေစီကိုရော၊ ဖယ်ဒရယ်ပြည်ထောင်စုကိုရော လိုလားတဲ့ပါတီဖြစ်တဲ့အတွက် ကျွန်တော်တို့လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကိုကျွန်တော်တို့ လုပ်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကို ဖမ်းဆီးတာကတော့ ထိုက်သင့်လို့ဖမ်းလား မထိုက်သင့်လို့ဖမ်းလားဆိုတာကိုကျွန်တော်တို့လည်းမသိဘူး” ဟု သူကပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ ပါတီဝင်ကိုမင်လှိုင်ထွန်းနှင့် ကိုဇာနည်ထူးတို့ကို ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြနေစဉ်ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/320595849746926

Leave a Reply

Your email address will not be published.