By Development Media Group (DMG)/ June 26
ရခိုင်တွင် COVID-19 ပိုးတွေ့လူနာတွေ့ရှိမှုများလာသည်နှင့်အမျှ ကျောင်းသားမိဘများမှာ သားသမီးများ၏ ကျန်းမာရေးအပေါ်စိုးရိမ်မိကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။
လက်ရှိဖွင့်လှစ်ထားသည့် ကျောင်းအများစုမှာ Mask ၊ Face shield တပ်ဆင်မှုကို တင်းကြပ်စွာ စိစစ်မှုရှိမနေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး နီးကပ်စွာထိုင်နေရခြင်းတို့ရှိနေကြောင်း ကျောင်းသားမိဘများကဆိုသည်။
“ကျွန်တော့သမီးလေးတက်နေတဲ့ ကျောင်းမှာဆိုရင် Mask တပ်တဲ့ကလေးက တပ်တယ်။ မတပ်တဲ့သူက မတပ်ဘူး၊ နောက်ပြီး ခုံတန်းတစ်ခုမှာ လေးယောက်ထိုင်ရတာတွေရှိတယ်လို့ သမီးလေးက ပြောလာတယ်။ ကျွန်တော်တို့မှာကလေးကို ကျောင်းကိုလွှတ်ဖို့တောင် စိုးရိမ်မိတယ်” ဟု စစ်တွေမြို့နေ ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဦးအောင်ကြည်မိုးကပြောသည်။
ထို့အပြင် လက်ရှိ၌ သံတွဲမြို့နယ်တွင် ကျောင်းဆရာမတစ်ဦးထံမှ COVID -19 ပိုးတွေ့ရှိထားသည့်အတွက် မိမိတို့တာဝန်ကျသည့် ကျေးရွာမှ မိဘများမှာလည်း ကလေးငယ်များကို ကျောင်းသို့ စေလွှတ်ရန် တွေဝေမှုများရှိလာသည်ကို တွေ့မြင်ရကြောင်း သံတွဲမြို့နယ်မှ အမည်မဖော်လိုသည့် ကျောင်းဆရာမ တစ်ဦးကဆိုသည်။
“ကျောင်းဆရာမတစ်ယောက် ကိုဗစ်ပိုးတွေ့ခဲ့တဲ့ကျောင်းဆိုရင် မပိတ်ရသေးဘဲ ကျောင်းတက်နေရတုန်းလို့ ကြားတယ်။ နောက်ပြီး ကျောင်းကိုမလာတဲ့ကျောင်းသားကလည်း မလာဘူးလို့ သိရပါတယ်” ဟု သူကပြောသည်။
ရခိုင်ပြည်တွင် COVID -19 ပိုးတွေ့လူနာ တိုးလာလျှက်ရှိနေသော်လည်းဗဟိုမှ ညွှန်ကြားချက်တစ်စုံတစ်ရာ မရရှိသေးသဖြင့် ကျောင်းများပိတ်မပိတ်ကို တပ်အပ်မပြောနိုင်သေးကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကဆိုသည်။
“ပြီးခဲ့တဲ့ ရက်ကတော့ ပြည်နယ်အဆင့် ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့နဲ့ အစည်းအဝေးလုပ်တာတော့ရှိတယ်။ ဒီကိစ္စကို ထိမ်းချုပ်ဖို့အတွက် ဆွေးနွေးတာတွေတော့ရှိတယ်။ ကျောင်းတွေမှာတော့ အရင်တုန်းက ညွှန်ကြားချက်တွေအတိုင်း လေးပေကွာနေရမယ်၊ လက်ဆေးရမယ်၊ Mask တပ်ရမယ်ဆိုပြီး ညွှန်ကြားထားပြီးသားပါ” ဟု သူကရှင်းပြသည်။
လက်ရှိ တချို့ကျောင်းများတွင် ယခုလကုန်လျှင် ကျောင်းများပိတ်မည်ဟု ပြောဆိုနေမှုများလည်းရှိနေပြီး ထိုသို့ပြောဆိုမှုများမှာလည်း ကောလဟာလမျှသာဖြစ်ပြီး မိမိတို့အနေဖြင့် အထက်မှညွှန်ကြားလာမှသာ ကျောင်းများကို ပိတ်သွားမည်ဖြစ်ကြောင်း ဦးတင်သိန်းကဆိုသည်။
ဇွန်လ ၂၆ ရက်နေ့အထိ စာရင်းများအရ ရခိုင်ပြည်နယ်တွင် COVID -19 ပိုးတွေ့လူနာ ၁၀၀ ဦးအထိရှိလာပြီ ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
“ကိုဗစ်ကတော့ရှိနေပြီ။ အသွင်ပြောင်းအနေနဲ့ရှိနေလား အရင်အတိုင်းပဲရှိနေလားဆိုတာကိုတော့ မပြောတက်ဘူး။ ပြီးခဲ့တဲ့ ၂၀၂၀ တုန်းကလည်း ရခိုင်က မြို့နယ် ၁၇ ခုလုံးမှာ ဖြစ်ခဲ့ပြီးပြီ။ ဒါကြောင့် ဒီအရာတွေသည် ကျွန်တော်တို့ရဲ့ ဘေးပတ်ဝန်းကျင်တွေမှာ ရှိနေနိုင်ပါတယ်” ဟု သူကဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် လူစုလူဝေးမပြုလုပ်ကြရန်၊ မလိုအပ်ဘဲ အပြင်မထွက်ကြရန်၊ မဖြစ်မနေအပြင်ထွက်ရပါက Mask ကို စနစ်တကျတပ်ရန်နှင့် အပြင်မှ ပြန်ရောက်တိုင်း လက်ဆေးရန် တို့ကိုလည်း ဒေါက်တာစိုးဝင်းပိုင်က တိုက်တွန်းပြောဆိုလိုက်သည်။
https://www.facebook.com/dmgnewsagency/posts/2047166338769100